နေပြည်တော်၌ အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေးရက်သတ္တပတ် စတင်ဆောင်ရွက်


နေပြည်တော် မေ ၂၃
၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာ (အထက်တန်း၊ အလယ်တန်း၊ မူလတန်း) ကျောင်းများကို ဇွန် ၃ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် မေ ၂၃ ရက်မှ ဇွန် ၂ ရက်အထိ သတ်မှတ်ထားကာ ယနေ့တွင် ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ဆောင်ရွက်ကြသည်။
အလားတူ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း ယနေ့ နံနက်ပိုင်းမှစတင်၍ “ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ဖြင့် ကျောင်းအပ်နှံရေး လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်လျက်ရှိရာ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ကျ ဆရာ၊ ဆရာမများက ကျောင်းအပ်နှံရာတွင် စနစ်တကျနှင့် အဆင်ပြေချောမွေ့စေရေး ဆောင်ရွက်ပေးကြသည်။ 
ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် စပ်လျဉ်း၍ အမှတ် - ၅ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဉီးဝင်းမြင့်က “ကျွန်တော်တို့ကျောင်းမှာ ကျောင်းသားအသစ် လက်ခံဖို့အဖွဲ့နဲ့ ကျောင်းသားဟောင်းလက်ခံဖို့ အဖွဲ့ဆိုပြီး နှစ်ဖွဲ့ခွဲပြီးလက်ခံပါတယ်။ ကျောင်းသားဉီးရေ လက်ခံတဲ့အခါမှာ ကိုယ့်နယ်မြေက ကျောင်းသားတွေ လက်ခံပြီး ဝင်ဆံ့အင်အား ရသေးတယ်ဆိုရင် နယ်ကျော်တွေကို လက်ခံပေးသွားမှာ ဖြစ်ပါတယ်။ ကျောင်းအပ် လက်ခံရာမှာလည်း အဆင်ပြေချောမွေ့စေဖို့အတွက် မြေပုံလမ်းညွှန်ဆိုင်းဘုတ်တွေ လုပ်ပေးထားပါတယ်။ ကျွန်တော့်ကျောင်းအနေနဲ့ ဆရာ၊ ဆရာမအင်အားလည်း လုံလောက်မှုရှိပါတယ်။ သင်ရိုးအသစ်က ပညာအရည်အချင်းအဆင့်မြင့်မားဖို့အတွက် မြှင့်ထားတဲ့သင်ခန်းစာဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ကတော့ ကျေနပ်အားရမှုရှိပါတယ်။ ဒါပေမယ့် စနစ်သစ်ပြင်ထားတာ ဖြစ်တဲ့အတွက် သင်ကြားရေးဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား ကျောင်းသူတွေအနေနဲ့တော့ အခိုက်အတန့် အခက်အခဲ လေးတွေရှိပါတယ်။ ဒါတွေကလည်း နှစ်နှစ်၊ သုံးနှစ်ဆိုရင် အဆင်ပြေသွားမှာ ဖြစ်ပါတယ်။ နိုင်ငံတော် အကြီးအကဲကလည်း စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ဉီးတည်ချက် ချမှတ်ထားတဲ့အတွက် အလယ်တန်းနဲ့ အထက်တန်းအတွက် စာကြည့်ခန်း တစ်ခန်းထားရှိပါတယ်။ မူလတန်းဘက်မှာလည်း ကလေးတွေဖတ်ရှုနိုင်မယ့် စာအုပ်တွေနဲ့ စာကြည့်ခန်းတစ်ခန်း စီစဉ်ထားပါတယ်။ ကျွန်တော့်အနေနဲ့ မိဘပြည်သူတွေအားလုံး ကျောင်းသား၊ ကျောင်းသူတွေကို ကျောင်းကိုအရောက်ပို့ပေးကြပါလို့ တိုက်တွန်းပြောကြားချင်ပါတယ်” ဟု ပြောကြားသည်။
အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြင့်ရီက “မေ ၂၃ ရက်ကနေ ဇွန် ၂ ရက်အထိ ကျောင်းအပ်နှံရေးရက်သတ္တပတ်လို့ သိလိုက်ရတဲ့အချိန်ကစပြီး ကျောင်းဉပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေး၊ ကျောင်းအပ်လက်ခံဖို့ တာဝန်ချထားမှုတို့အတွက် ဆရာ၊ ဆရာမတွေကို တာဝန်ပေးအပ်ရပါတယ်။ ကျွန်မက စာကြည့်တိုက် သက်ဝင်လှုပ်ရှားအောင် ပုံမှန်ဆောင်ရွက်ပါတယ်။ စာကြည့်တိုက်ရဲ့ စာဖတ်ရှိန်မြှင့်တင်ရေးကို အမြဲတမ်း ဆောင်ရွက်ခဲ့ပါတယ်။ အခု နိုင်ငံတော်အစိုးရက စာဖတ်ရှိန်မြှင့်တင်ရေးကို ဆောင်ရွက်တဲ့အတွက် စာသင်ချိန် ၈ ချိန်မှာ စာဖတ်ဖို့အတွက် ဒေသသင်ရိုးချိန်မှာ တစ်ချိန်ထည့်ဆွဲထားပါတယ်။ သင်ရိုးသစ်သင်ကြားရေးမှာ အခက်အခဲမရှိစေရေးအတွက် နွေရာသီမှာ ထက်၊ လယ်၊ မူ အဆင့်အားလုံးက သင်ကြားရေးဆရာ၊ ဆရာမတွေကို မွမ်းမံသင်တန်းပေးထားပါတယ်။ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းကို ရောက်ရှိရေးအတွက် အတန်းပိုင်ဆရာ၊ ဆရာမတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က တစ်ဆင့်ရပ်ကွက်ထဲမှာရှိတဲ့ ကလေးတွေအားလုံး ကျောင်းအပ်နှံပေးဖို့နှိုးဆော်ပါတယ်” ဟု ပြောကြားသည်။
အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်သက်သင်းက “ မေ ၂၃ရက်ကနေ ဇွန် ၂ ရက်အထိ အခြေခံကျောင်းများ ကျောင်းအပ်နှံရေးရက်သတ္တပတ်အဖြစ် ကျောင်းအပ်လက်ခံသွားမှာ ဖြစ်ပါတယ်။ နိုင်ငံတော်က အခမဲ့ပညာရေးစနစ် ဖြစ်တဲ့အတွက် ကျောင်းသုံးဗလာစာအုပ်၊ ပုံနှိပ်စာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံတွေကို အတန်းလိုက် ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ ကျောင်းတွင်း၊ ကျောင်းပြင် သန့်ရှင်းသာယာလှပရေး၊ စာသင်ခန်းအတွင်း အလင်းရရှိရေး၊ စာသင်ခုံများ နေရာချထားရေးနဲ့ သန့်စင်ခန်းတွေကိုလည်း စနစ်တကျပြင်ဆင် ထားပါတယ်။ ဝန်ထမ်းရပ်ကွက်ဖြစ်တဲ့အတွက် ကျောင်းအပ်လက်ခံချိန်ကို မနက် ၈ နာရီမှ ညနေ ၄ နာရီအထိ လက်ခံပေးသွားမှာ ဖြစ်ပါတယ်။ ယခင်နှစ်ကတော့ စာသင်ချိန်ဇယားကို တစ်နေ့မှာ ၄၅ မိနစ်နဲ့ စာသင်ချိန် ၈ ချိန်ဆွဲ ထားပါတယ်။ဒီနှစ်မှာတော့ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ဒေသဖွံဖြိုးရေးလုပ်ငန်းအချိန်မှာ စာဖတ်ဖို့အချိန်အဖြစ် ပြောင်းလဲထည့်ဆွဲသွားမှာ ဖြစ်ပါတယ်။ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းရောက်ရှိရေးဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ လူငယ်တွေအားလုံးက ကျောင်းကို ရောက်ရှိရမှာဖြစ်ပါတယ်။ ဗလငါးတန်ဖွံ့ဖြိုးဖို့အတွက် ကျောင်းတွေကနေ သင်ကြားပေးနေပါတယ်၊ ဒါကြောင့် မိဘများအနေဖြင့် ကလေး၊ လူငယ်အားလုံးကို ကျောင်းအပ်နှံကြပါလို့ တိုက်တွန်းချင်ပါတယ်” ဟု ပြောကြားသည်။
ကျောင်းများပြန်လည်ဖွင့်လှစ်ရာတွင် ကျောင်းသားကျောင်းသူများ သန့်ရှင်းသပ်ရပ် စွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက်လည်း ကျောင်းဥပဓိရုပ်ကောင်း မွန်စေရန် ဆောင်ရွက်ထားခြင်း၊ ပညာရေးဝန်ကြီးဌာနက ချမှတ်ထားသည့် စည်းကမ်းသတ်မှတ်ချက်များနှင့် ဆောင်ပုဒ်များ စိုက်ထူထားခြင်း၊ ကျောင်းအပ်ရန် စာသင်ခန်းများပြ စနစ်ပုံ ဆိုင်းဘုတ်များထားရှိခြင်း၊ စာသင်ခန်းများအတွင်း၌လည်း စာသင်ခုံများစနစ်တကျ နေရာချထားခြင်းနှင့် ကျောင်းတွင်း ကျောင်းပြင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ထားသည်ကိုလည်း တွေ့မြင်ရသည်။
ထို့ပြင်တာဝန်ထမ်းဆောင်နေသော ဆရာ၊ ဆရာမများနှင့် ကျောင်းလာရောက်အပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက်လည်း သက်ဆိုင်ရာမြို့နယ်အလိုက် အုပ်ချုပ်ရေးအဖွဲ့အစည်းများက လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ကျောင်းသား ကျောင်းသူများ လုံခြုံစိတ်ချစွာဖြင့် ကျောင်းတက်၊ ကျောင်းဆင်းသွားလာနိုင်ရန်အတွက် ကျောင်းကြို၊ ပို့ယာဉ်များကိုလည်း စီစဉ်ဆောင်ရွက်ပေးထားသည်။ 
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် ကိုယ်ပိုင်ကျောင်းအသီးသီး၌ ယနေ့တွင် ကျောင်းအပ်နှံရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိရာ မူလတန်းအဆင့်၌ ၅၂၃၀၆ ဉီး၊ အလယ်တန်း အဆင့်၌ ၂၁၀၀၆ ဉီးနှင့် အထက်တန်းဆင့်၌ ၈၇၇၉ ဉီး စုစုပေါင်း ၈၂၀၉၁ ဉီး လာရောက် အပ်နှံကြကြောင်းသိရသည်။
သန့်ဂျိုင်း
ဓာတ်ပုံ-ကိုအေးသန်း