နေပြည်တော် အောက်တိုဘာ ၁၂

 

ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ယူခွင့်အခွင့် အလမ်းများရရှိစေရန်အတွက် နိုင်ငံတော်အစိုးရက  ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး ဆောင်ရွက်ခဲ့ရာ ယနေ့တွင်  ပြည်ထောင်စု နယ်မြေ နေပြည်တော်အတွင်းရှိ အသက်၁၂ နှစ်နှင့်အထက် အခြေခံပညာအလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ ကာကွယ်ဆေး (Sinovac) ကို စတင်ထိုးနှံပေးသည်။

 

ယနေ့မှ စတင်၍ ကာကွယ်ဆေးထိုးနှံခြင်းကို အောက်တိုဘာ ၂၅ ရက်အထိ လျာထားပြီး နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ မြို့နယ်များဖြစ်သော ဇဗ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် တပ်ကုန်းမြို့နယ်တို့ရှိ အခြေခံပညာကျောင်း ၇၅၇ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၂၈ ကျောင်းနှင့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်း ၇၄ ကျောင်းစုစုပေါင်း ၈၅၉ ကျောင်းအနက် အထက်တန်းဆင့်နှင့် အလယ်တန်းဆင့် စာသင်ကျောင်း ၄၉၆ ကျောင်းတွင်ရှိသည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၈၃၉၆၉ ဦး ကို ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်သည်။

 

ထို့ကြောင့် မြို့နယ်အလိုက် ဆေးထိုးနှံရန် သတ်မှတ်ထားသည့် စုရပ်နေရာများ၌  အခြေခံပညာ အလယ်တန်း၊ အထက်တန်းတို့တွင် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား နေ့ရက်အလိုက် သတ်မှတ် ထားသည့် လူဉီးရေစာရင်းအလိုက် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများနှင့် အညီ ကာကွယ်ဆေးထိုးနှံပေးကြသည်။

 

ထို့ပြင် ကာကွယ်ဆေးထိုးမည့် စုရပ်နေရာများ၌လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် လက်ဆေး ဘေစင်များထားရှိ၍ လက်ဆေးစေခြင်း Mask နှင့် Face Shield များ ဝေငှခြင်း၊ ဆေးထိုးရန် လာရောက်သည့် ကျောင်းသား၊ ကျောင်းသူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်းတို့ကို တာဝန်ကျကျန်းမာရေးနှင့် ပညာရေး ဝန်ထမ်းများက ဆောင်ရွက်ပေးကြပြီး ပညာပေးဗီနိုင်းဆိုင်းဘုတ်များကိုလည်း ကျောင်းတွင်း၊ ကျောင်းပြင် ချိတ်ဆွဲထားရှိကာ အသိပညာပေးမှုများ ဆောင်ရွက်ထားသည်ကို တွေ့ရှိ ရသည်။

 

ယင်းသို့ ဆောင်ရွက်ပြီးပါက ပညာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုနှင့်ပတ်သက်၍ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိဘ အုပ်ထိန်းသူများအား ကြိုတင်အသိပညာပေးခြင်းများ ဆောင်ရွက်ပြီး မိဘအုပ်ထိန်းသူများ၏ သဘောတူညီချက် လက်မှတ်ရယူကာ ကာကွယ်ဆေးထိုးနှံပေးသည်။

 

ကာကွယ်ဆေးထိုးနှံပြီးသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ဆေးကြောင့် နောက်ဆက်တွဲလက္ခဏာများ ဖြစ်ပေါ်မှုရှိ၊မရှိ စောင့်ကြည့်နိုင်ရန် သီးသန့်အခန်းများတွင်ထားရှိပြီး နာရီဝက်စောင့်ကြည့်စေကာ ကျန်းမာရေး ချို့ယွင်းမှု တစ်စုံတစ်ရာဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝပေးနိုင်ရန် လည်း ဆောင်ရွက်ထားသည်ကို တွေ့ရှိရသည်။

 

ထို့ပြင် ဆေးထိုးနှံမည့် ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်း စွာဖြင့် သွားလာနိုင်စေရန် School Bus များစီစဉ်ပေးထားပြီး ဆေးထိုးစုရပ် ကျောင်းပတ်ဝန်းကျင် ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက်လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့များက လုံခြုံရေးဆောင်ရွက်ပေးသည်ကို တွေ့ရှိရသည်။

 

ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးပါက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ် - ၁၉ ရောဂါ ဆိုင်ရာလမ်းညွှန် ချက်များနှင့်အညီ ကျောင်းများတွင် လုံခြုံစိတ်ချစွာ ပညာသင်ကြားသင်ယူခွင့်ရရှိမည် ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ဆေးထိုးနှံရန် ကျန်ရှိခဲ့သည့် ကျောင်းသား၊ ကျောင်း သူများကိုလည်း ထိုးနှံနိုင်ရေး ဆက်လက်စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

 

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ပညာရေးဝန်ကြီးဌာနအောက်ရှိ အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား ဉီးစားပေးအစီအစဉ်များအလိုက် ထိုးနှံပေးသွားမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများရရှိစေရန်၊ အခြေခံပညာကျောင်းသား၊ ကျောင်းသူများတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွား၊ သေဆုံးမှုကို လျှော့ချရန်နှင့် ကျောင်းသား၊ ကျောင်းသူများမှ တစ်ဆင့် မိသားစုနှင့် ပတ်ဝန်းကျင်သို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးရန်အတွက် ရည်ရွယ်ဆောင်ရွက်ပေး နေခြင်းဖြစ်ကြောင်း သိရသည်။

သတင်း-အောင်သန့်

ဓာတ်ပုံ-ကိုကိုအေး