နေပြည်တော် အောက်တိုဘာ ၁၅
နိုင်ငံတော်အစိုးရက ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခွင့်အခွင့်အလမ်းများ ရရှိစေရန်နှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန်ရရှိလာစေရေးအတွက် ယနေ့တွင် နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ အသက် ၁၂ နှစ်နှင့် အထက်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှု လုပ်ငန်းစဉ်များကို ဆောင်ရွက်နေသည့် လယ်ဝေးမြို့နယ် ခုတင် - ၁၀၀ ဆေးရုံအုပ် ဒေါက်တာနန္ဒာကျော်က “ လယ်ဝေး မြို့နယ်အတွင်း ကျောင်းပေါင်း ၁၄၄ ကျောင်းမှာရှိတဲ့ အသက် ၁၂ နှစ်နဲ့အထက် အလယ်တန်းနဲ့ အထက်တန်း ကျောင်းသား၊ ကျောင်းသူအားလုံးပေါင်း ၂၁၄၉၈ ဦးရှိပါတယ်။ သူတို့ကို ကာကွယ်ဆေး ပထမအကြိမ်အနေနဲ့ အောက်တိုဘာ ၁၂ ရက်ကနေ နိုဝင်ဘာ ၈ ရက်နေ့ အထိ ထိုးပေးမှာဖြစ်တယ်။ မြို့နယ်အတွင်းမှာ ဆေးထိုးစုရပ်အဖြစ် အ.ထ.က(၁)၊ အေလာ တိုက်နယ်ဆေးရုံ၊ သာဝတ္ထိတိုက်နယ်ဆေးရုံ၊ အ.ထ.က(သပြေပင်)၊ အ.ထ.က(ကံသာ) စတဲ့ဆေးထိုးစုရပ်(၅)နေရာမှာ ထိုးနှံပေးနေပါတယ် ” ဟု ပြောသည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်း မြို့နယ်များအလိုက် ဆေးထိုးနှံရန် သတ်မှတ် ထားသည့် စုရပ်နေရာများ၌ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို နေ့ရက်အလိုက် သတ်မှတ်ထားသည့် လူဉီးရေစာရင်းအပြင် အကြောင်း အမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့် ပြည်သူများ၊ ဌာန ဆိုင်ရာ ဝန်ထမ်းများနှင့် ယင်းတို့၏မှီခိုမိသားစုဝင်များကိုလည်း ကျန်းမာရေးဝန်ထမ်း များက ကိုဗစ် - ၁၉ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ကာကွယ်ဆေးထိုးနှံပေး လျက်ရှိသည်။
“ ပထမအကြိမ် အောက်တိုဘာ ၁၂ ကနေ ၁၄ ရက်အထိ စုရပ်တစ်နေရာစီမှာ တစ်ရက်ကို ကျောင်းသားဦးရေ ၁၀၀ ထိုးနှံပြီးပါပြီ။ ကာကွယ်ဆေးထိုးနှံပေးပြီးတဲ့ သုံးရက်နဲ့ ဒီနေ့ဆက်လက်ထိုးတဲ့အချိန်ထိ ဘေးထွက်ဆိုးကျိုး မတွေ့ရဘူး။ နံနက်ပိုင်းဆေးလာ ထိုးရတာဆိုတော့ နံနက်စာ မစားခဲ့လို့ သာမာန်ခေါင်းမူးတဲ့ ကျောင်းသားအချို့ပဲ တွေ့တယ်။ ပြင်းထန်းတဲ့ လက္ခဏာတွေကိုတော့ မတွေ့ရပါဘူး။ ဒီနေ့ အ.ထ.က (၁) မှာတော့ ကျောင်းသားဦးရေ ၃၀၀ ကျော် ထိုးပေးမယ်။ ကျန်တဲ့ဆေးထိုးစုရပ် လေးခုမှာတော့ ကျောင်းသားဦးရေ ၂၀၀ ထိုးပေးမှာပါ ” ဟု ဒေါက်တာနန္ဒာကျော်က ပြောသည်။
ကာကွယ်ဆေးထိုးမည့် စုရပ်နေရာများ၌လည်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး အတွက် လက်ဆေးဘေစင်များထားရှိ၍ လက်ဆေးစေခြင်း ၊ Mask နှင့် Face Shield များ ဝေငှခြင်း၊ ဆေးထိုးရန်လာရောက်သည့် ကျောင်းသား၊ ကျောင်းသူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးထဲတွင်ရှိသည့် အောက်စီဂျင်ပမာဏ တိုင်းတာခြင်းတို့ကို ဦးစွာဆောင်ရွက်ပြီး ယင်းလုပ်ငန်းစဉ်များ ပုံမှန်ဖြစ်မှသာ ကာကွယ် ဆေးထိုးနှံပေးခြင်းဖြစ်ကာ အရေးပေါ်ကျန်းမာရေးစောင့် ရှောက်မှုများလိုအပ်ပါက သမားတော်အဖွဲ့ဖြင့် ကုသပေးနိုင်ရန်စီစဉ်ထားကြောင်း သိရသည်။
“ဆေးထိုးစုရပ်တစ်ခုဆီတိုင်းမှာ Medical Team ရှိပါတယ်။ Medical Team ကလည်း ကာကွယ်ဆေးကြောင့် နောက်ဆက်တွဲ ပြဿနာဖြစ်ခဲ့ရင် ဖြေရှင်းဖို့ အချိန်နဲ့တပြေးညီ စောင့်ကြည့်နေပါတယ်။ တပ်မတော်ဆေး အဖွဲ့ကလည်း ကာကွယ်ဆေး ထိုးနှံတဲ့ လုပ်ငန်း စဉ်တွေမှာ ပူးပေါင်းပါဝင်ကူညီပေးပါတယ်။ အခုထိုးပေးနေတဲ့ ကာကွယ်ဆေးကတော့ တရုတ်နိုင်ငံထုတ် Sinovac အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးကို နှစ်ဦးထိုးရ တဲ့ဆေးပါ။ တရုတ်နိုင်ငံမှာတော့ အသက် သုံးနှစ်ကနေ ၁၇ နှစ်အထိ ကျောင်းသားတွေကို ဆေးထိုးပြီး စမ်းသပ်ထားတဲ့ သုသေသနတွေလည်း ရှိတယ်။ ချီလီ၊ ကမ္ဘောဒီးယားနဲ့ တရုတ် နိုင်ငံမှာလည်း ဒီဆေးကို ထိုးပေးနေတယ်” ဟု ၎င်းက ပြောသည်။
ကိုဗစ် - ၁၉ ကာကွယ်ဆေး မထိုးမီ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများအား ကာကွယ်ဆေးထိုးနှံပေးမှု နှင့် ပတ်သက်၍ ကြိုတင်အသိပညာပေးခြင်းများဆောင်ရွက်ပြီး မိဘအုပ်ထိန်းသူများ၏ သဘောတူညီချက် လက်မှတ်ရရှိမှသာ ကာကွယ်ဆေးကို ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
ကာကွယ်ဆေးလာရောက်ထိုးနှံကြသည့် ကျောင်းသား ၊ ကျောင်းသူများကို ကာကွယ် ဆေးထိုးနှံပြီး နောက်ဆက်တွဲပြဿနာ၊ အန္တရာယ်တစ်စုံတစ်ရာရှိမရှိ သိရှိနိုင်ရန် နာရီဝက် စောင့်ကြည့်ပြီးမှသာ ပြန်လည်ထွက်ခွာခွင့်ပြုကြောင်းနှင့် ဆေးထိုးပြီး ၂၄ နာရီအတွင်း တစ်စုံတစ်ရာ ထူးခြားမှုရှိပါက ချက်ခြင်းသတင်းပေးပို့ အကြောင်းကြားနိုင်ရန် ဆောင်ရွက် ထားကြောင်း သိရသည်။
“ ကာကွယ်ဆေးထိုးထားတဲ့ အားသာချက်ကတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရ ရင်လည်း ပြင်းထန်တဲ့ ရောဂါလက္ခဏာကို မခံစားရပါဘူး။ အသက်သေဆုံးနိုင်ခြေနည်း ပါတယ်။ ကာကွယ်ဆေးလာ ရောက်ထိုးဖို့ မကြောက်ကြပါနဲ့။ လာရောက်ထိုးနှံကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ဆေးအဖွဲ့က ကျန်းမာရေးစစ်ဆေးမှု အပြည့်အဝလုပ် ဆောင်ပြီးမှ ဆေးထိုးဖို့ပုံမှန်အနေအထားရှိမှသာ ဆေးထိုးဖို့မှတ်ချက်ပေးပြီး ဆေးထိုးပေးတာ ဖြစ်တဲ့အတွက် ကာကွယ်ဆေးမထိုးရသေးတဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ မိဘနဲ့ အုပ်ထိန်းသူတွေကိုလည်း ဆေးလာရောက်ထိုးနှံဖို့ ပူးပေါင်းပါဝင်ပေးကြပါလို့ တိုက်တွန်းလို ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံသည့်နေရာများတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အသက်၁၂ နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ သိရှိလိုက်နာရမည့်အချက်များ၊ ပညာပေးဗီနိုင်းဆိုင်းဘုတ်များကို ကာကွယ်ဆေးလာရောက်ထိုးနှံကြသူများ မြင်သာသည့်နေရာများတွင် ချိတ်ဆွဲကြေညာထားသည်ကိုလည်း တွေ့ရသည်။
ကာကွယ်ဆေးလာ ရောက်ထိုးနှံသည့် ပုဗ္ဗသီရိမြို့နယ် အထက်တန်းကျောင်းသူ မနှင်းသက်ခရေက “ သမီးက ၉ တန်းတက်နေတာပါ။ ဆေးထိုးဖို့အတွက် ကျောင်းကဆရာမ က ဖုန်းဆက်ပါတယ်။ ဆေးအဖွဲ့က ဆေးမထိုးခင်သမီးတို့ကို ကာကွယ်ဆေးထိုးသင့်၊ မသင့် ကျန်းမာရေးစစ်ဆေးပေးပါတယ်။ ဆေးထိုးတဲ့အခါ နည်းနည်းနာတာလောက်ပဲ ခံစားရတယ်။ ကျန်တာတော့ ဘာမှမခံစားရဘူး။ အခုလို ဆေးထိုးပေးတဲ့အတွက် ဆရာ၊ ဆရာမတွေနဲ့ တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်။ ကာကွယ်ဆေးထိုးနှံပြီး ကျောင်းပြန်တက်ရ တော့မယ်ဆိုတော့ ဆရာ၊ ဆရာမတွေ နဲ့ ပညာသင်ကြားခွင့်ရပြီး ကျောင်းကသူငယ်ချင်းတွေ ပြန်ဆုံရတော့မယ်ဆိုတော့ ဝမ်းသာပါတယ်။ ဆေးမထိုးရသေးတဲ့ ကျောင်းသား၊ ကျောင်းသူတွေကိုလည်း ကာကွယ်ဆေးလာရောက်ထိုးနှံကြပါလို့ ပြောချင်ပါတယ်” ဟု ပြောသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံကြမည့် ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် သွားလာနိုင်စေရန် School Bus များစီစဉ်ပေးထားပြီး ဆေးထိုးစုရပ် ကျောင်းပတ်ဝန်းကျင် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များ၊ မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့များက လုံခြုံရေးဆောင်ရွက်ပေးသည်ကို တွေ့ရသည်။
သတင်း ဟိန်းမင်း ၊ ဓာတ်ပုံ ကိုကိုထိန်