နေပြည်တော် ဖေဖော်ဝါရီ ၁၉

 

နေပြည်တော်ရှိ အသက် ၅၀ နှစ်နှင့်အထက် ကျန်းမာရေးဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ် စတင်ဆောင်ရွက်ခြင်းကို ပုဗ္ဗသီရိမြို့နယ် နေပြည်တော် ခုတင်-၃၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး၌ အထူးကုဆရာဝန်ကြီး (ဆေးပညာ) ဒေါက်တာပြည့်လင်းလင်းဇော် ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများက ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းက စတင်ဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါ အစီအစဉ်ဆောင်ရွက်ခြင်းဖြင့်် ကျန်းမာရေးဝန်ထမ်းများ၏ ကိုယ်ပိုင်ငွေကြေး ကုန်ကျစရိတ် လျော့နည်းစေပြီး အရည်အသွေးပြည့်ဝသော ကျန်းမာရေး စောင့်ရှောက်မှုရရှိစေရန်နှင့် ရောဂါရှိသော်လည်း ရောဂါလက္ခဏာ မပြသေးသော သူများတွင် ကြိုတင်၍ ရောဂါရှာဖွေ စစ်ဆေးခြင်းဖြင့် ရောဂါများကို အချိန်မီတွေ့ရှိကုသနိုင်ခြင်း၊ ပိုမို ပြင်းထန်သော ရောဂါများနှင့် နောက်ဆက်တွဲ ကျန်းမာရေးပြသာနာများကို ရှောင်လွှဲနိုင်စေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်သည်။

 

ယနေ့တွင် ပုဗ္ဗသီရိမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်များမှ အသက် ၅၀ နှစ်နှင့်အထက် ကျန်းမာရေးဝန်ထမ်း ၃၈ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု ပေးနေမှုများကို နေပြည်တော် ပြည်သူ့ကျန်းမာရေး ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်စိုးနှင့် နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀)မှ ဆေးရုံအုပ်ကြီး ဒေါက်တာသီတာစိုးတို့က လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

သန်းသန်းနွယ်(ပုဗ္ဗ)