နေပြည်တော် မတ် ၂၈

နေပြည်တော်ကောင်စီဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ရုံးခန်းဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဇဗ္ဗူသီရိမြို့နယ်၊ မြို့မဈေး ပွဲရုံတန်း (ပ/၂၃၈) ၌ ကျင်းပခဲ့ပြီး စားသုံးသူပြည်သူများကို သက်သာသော ဈေးနှုန်းဖြင့် စားသုံးဆီများကို ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါရုံးခန်းဖွင့်လှစ်ခြင်း အခမ်းအနားသို့ စီးပွားကူးသန်းနှင့် ရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ နှင့် အသင်းသူ၊ အသင်းသားများ တက်ရောက်ကြသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းတို့ပူးပေါင်း၍ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ စားသုံးသူ ပြည်သူများ စားသုံးဆီကို သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရန် ရည်ရွယ်၍ ရုံးခန်း ဖွင့်လှစ်ကာ ရောင်းချပေးခြင်းဖြစ်ပြီး တစ်ပိဿာလျှင် လက်ကားဈေး ငွေကျပ် ၅၉၀၀ ကျပ် နှုန်းဖြင့် လွတ်လပ်စွာ လာရောက်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း  သိရသည်။

 

mdn

 

“နေပြည်တော်ဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်းကို စက်တင်ဘာ ၂၈ ရက်မှာ ဖွဲ့စည်းခဲ့ပါတယ်။ အသင်းရဲ့ သက်တမ်းကတော့ ၆ လ ရှိပါပြီ။ အသင်းရဲ့ လုပ်ငန်းတွေကိုတော့  အသင်းမှာရှိတဲ့ ရာသက်ပန်အသင်းသား (၁၉) ဦးနဲ့ ဆောင်ရွက်နေပါတယ် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းချုပ်ကနေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို ရည်ညွှန်းဈေနှုန်းနဲ့ ခွဲဝေပေးတဲ့အခါ နေပြည်တော်အတွက်ရရှိတဲ့ စားသုံးဆီတွေကို နေပြည်တော်မှာရှိတဲ့ အသင်းရဲ့ နယ်မြေခံ ရာသက်ပန်အသင်းဝင် လက်လီလက်ကား ကုန်သည်တွေကနေတစ်ဆင့် နေပြည်တော်အတွင်းမှာ ရှိကြတဲ့ စားသုံးသူပြည်သူတွေကို သတ်မှတ်ဈေးနှုန်းနဲ့ ရောင်းချနေတာ ဖြစ်ပါတယ်” ဟု နေပြည်တော်ကောင်စီ ဆီကုန်သည်နှင့်ဆီလုပ် ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးအောင်ကိုထက်က  ပြောသည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ စားသုံးသူပြည်သူများအတွက် အသင်း၏ အစီအစဉ်ဖြင့် ဈေးများ၊ ဝန်ထမ်းအိမ်ရာများနှင့် ကျေးရွာများကိုလည်း စားသုံးဆီ တစ်ပိဿာ လျှင် ၆၀၀၀ ကျပ်နှုန်းဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

" စားအုန်းဆီ တစ်ပိဿာကို ၅၉၀၀ ကျပ်ပဲဆိုတော့ ဈေးသက်သက်သာသာနဲ့ရတဲ့အတွက် ၁၀ ပိဿာ လာဝယ်တာပါ။ ကျွန်မက အကြော်စုံရောင်းတာဖြစ်တဲ့အတွက် ဆီဈေးတွေတက်တော့ အကြော်ဈေးကို မတက်ချင်ဘဲနဲ့ ဈေးတက်ပြီးရောင်းနေရတယ်။ အခုလို ဈေးနှုန်းသက်သာစွာနဲ့ရတော့ စားသုံးသူတွေ အဆင်ပြေအောင် အကြော်ဈေးကို ပြန်ချပြီး ရောင်းမှာပါ" ဟု စားရင်ကောင်း မုန့်ဟင်းခါးနှင့် အကြော်စုံဆိုင်ပိုင်ရှင် ဒေါ်ချိုချို ကပြောသည်။

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ လက်ကားဈေး တစ်ပိဿာလျှင် ငွေကျပ် ၆၀၀၀ နှုန်းဖြင့် ဝယ်ယူရရှိခဲ့သည့် အရောင်းဆိုင်များသည် အသားတင်အကျိုး အမြတ် ၂ ရာခိုင်နှုန်း ထက်မပိုသည့် ဈေးနှုန်းဖြင့် စားသုံးသူပြည်သူများသို့ ပြန်လည်ဖြန့်ဖြူး ရောင်းချရမည်ဖြစ်ကြောင်း သိရသည်။  

သတင်းစဉ်