နေပြည်တော် နိုဝင်ဘာ ၂

 

ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ နိုဝင်ဘာ ၁ ရက်မှ စတင်၍ အခြေခံပညာ ကျောင်းများ၊ ပုဂ္ဂလိက ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ရာ ယနေ့တွင်လည်း ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိပြီး ကျောင်းအပ်နှံမှု လုပ်ငန်းစဉ်များလည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

နေပြည်တော်ကောင်စီနယ်မြေ မြို့နယ် (၈) မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများ၊ ပုဂ္ဂလိကကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် ယမန်နေ့က ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၆၅၁၆၁  ဉီး တက်ရောက်ပညာသင်ကြားခဲ့ပြီး ယနေ့တွင် ကျောင်းသား၊ ကျောင်းသူ ပေါင်း ၁၀၁၂၂၁ ဉီးပညာသင်ကြားလျက် ရှိသည်။

 

အမှတ် (၇) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်နှင်းရီ က “ကျွန်မတို့ ကျောင်းဖွင့်လှစ်နိုင်ဖို့ အများကြီး ပြင်ဆင်ခဲ့ရပါတယ်။ ဇမ္မူသီရိတစ်မြို့လုံးစာ ကာကွယ်ဆေး ထိုးနှံပေးခြင်းကိုလည်း ကျွန်မတို့ကျောင်းမှာပဲ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေး၊ စာသင်ခုံတွေနေရာချရေးတွေကို ပြင်ဆင်ခဲ့ရပါတယ်။ ကျောင်းမှာရှိတဲ့ ဝန်ထမ်းအားလုံး စည်းစည်းလုံးလုံးနဲ့ ဝိုင်းဝန်း ဆောင်ရွက်ခဲ့ရပါတယ်။ ကလေးတွေ ကျောင်းတက်နိုင်ဖို့ ပထမဆုံးကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ရပါတယ်။ ကျွန်မတို့ကျောင်းက ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ၈၇ ရာခိုင်နှုန်း ကာကွယ်ဆေး ထိုးနှံခဲ့ပြီးဖြစ်ပါတယ်။ ကာကွယ်ဆေးမထိုးရသေးတဲ့ သူတွေကိုလည်း စုစည်းပြီး ဆက်လက်ထိုးနှံပေးမှာ ဖြစ်ပါတယ်။ နောက်ပြီး ကျောင်းသား၊ ကျောင်းသူတွေအတွက် နှာခေါင်းစည်းတွေကိုလည်း  ကျောင်းကနေပဲ ဝေငှပေးပါတယ်။ ကျောင်းလျှောက်လမ်းတွေကို (၆) ပေခြားသွားလာနိုင်ဖို့ စီစဉ် ပေးထားပြီး စာသင်ခန်းတွေမှာလည်း (၄) ပေခြား သတ်မှတ်ထားပါတယ်။ ပိုးသတ်ဆေးတွေကိုလည်း တစ်ကျောင်းလုံး ဖြန်းထားပြီးသား ဖြစ်ပါတယ်။

 

“ကျောင်းချိန်အနေနဲ့ တစ်ချိန်တည်းပဲ သတ်မှတ်ထားပါတယ်။ ကျောင်းလုံခြုံရေး အပိုင်းကိုလည်း တာဝန်တွေချထားပြီး ဆောင်ရွက်ထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမအပ်ရသေးတဲ့ ကလေးတွေရှိရင်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးကနေတဆင့် ကျောင်းလာအပ်ဖို့ တိုက်တွန်းစေပါတယ်။ ကျောင်းလာအပ်တဲ့သူတွေကိုလည်း စနစ်တကျ ကျောင်းအပ်လက်ခံပေးပါတယ်။ နိုဝင်ဘာ ၁ ရက် ကျောင်းတက်လူဉီးရေ  အနေနဲ့ ၄၃၉ဉီးဖြစ်ပြီး ၄၂ ရာခိုင်နှုန်းရှိပါတယ်။ ဒီနေ့မှာတော့ ကျောင်းတက်လူဉီးရေ ၆၄၈ဉီး ဖြစ်ပြီး ၆၀ ရာခိုင်နှုန်းရှိပါတယ်”ပြောသည်။

 

ထို့ပြင် ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းသာ ကိုယ်ကျန်းမာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် ဆရာ၊ ဆရာမများက ကျောင်းအတွင်းသို့ မဝင်ရောက်မီ နှာခေါင်းစည်းများ၊ မျက်နှာအကာများ တပ်ဆင်ထားခြင်း ရှိ၊ မရှိစစ်ဆေးခြင်း၊ တပ်ဆင်ထားခြင်းမရှိပါက အဆင်သင့်ပြင်ဆင်ထားသည့် နှာခေါင်းစည်းများ ဝေငှ၍ တပ်စေခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်းနှင့် လက်ဆေးဘေစင်များတွင် စနစ်တကျတန်းစီ၍ လက်ဆေးစေခြင်းများကို သေချာစွာ စောင့်ကြပ်ကြည့်ရှုပေးကြသည်။

 

အလားတူ ကျောင်းသူ၊ ကျောင်းသားများ စာပေသင်ကြားနေစဉ်အချိန်အတွင်း ကျန်းမာရေး ချို့ယွင်းမှု တစ်စုံတစ်ရာ ဖြစ်ပေါ်ပါက PPE ဝတ်စုံ နှင့် ဆေးပစ္စည်းများ ပါဝင်သည့် ကျောင်းကျန်းမာရေးအခန်းများ အဆင်သင့် ပြင်ဆင်ထားကာ ကျန်းမာရေး စောင့်ရှောက်မှုပေးထားပြီး လိုအပ်ပါက ဆက်သွယ်ရမည့် တာဝန်ရှိသူများ၏ ဆက်သွယ်ရမည့်လိပ်စာနှင့် ဖုန်းနံပါတ်များကိုလည်း ထားရှိပေးထားသည်ကိုလည်း တွေ့မြင်ရသည်။ 

 

အမှတ် (၈) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ယမင်းသူ က “ ကျွန်မတို့ကျောင်းမှာတော့ ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ် - ၁၉ကပ်ရောဂါကာကွယ်ရေး နည်းလမ်းတွေနဲ့အညီ ကျောင်းတက်‌စေပါတယ်။ စာသင်ခန်းတွေမှာလည်း တစ်ခန်းကို ကျောင်းသား ၃၀ သာ ထားရှိပြီး စာပေသင်ကြားစေပါ တယ်။       ကျောင်းစဖွင့်တဲ့ နိုဝင်ဘာ ၁ ရက်က ကျွန်မတို့ ကျောင်းမှာ ကျောင်းသား၊ ကျောင်းသူ ၄၈၅ ဉီးကျောင်းတက်ရောက်ပါတယ်။ ဒီနေ့မှာတော့ ကျောင်းသား၊ကျောင်းသူ ၆၇၉ ဉီး ကျောင်းတက်ရောက်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမအပ်ရသေးတဲ့ သူတွေကိုလည်း ကျောင်းအပ်လက်ခံနေပြီး ဒီနေ့ဆို ကျောင်းလာအပ်တဲ့သူ ၄၀ ရှိပါတယ်။ ကျောင်းမအပ်ရသေးတဲ့သူတွေကိုလည်း အမြန်ဆုံးကျောင်းလာအပ်ကြပါလို့ ပြောလိုပါတယ်” ဟုပြောသည်။

 

စာသင်ခန်းများအတွင်း၌လည်း ကိုဗစ် - ၁၉ ကပ်ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ တစ်ခန်းလျှင် လူဉီးရေ ၃၀ နှင့် ၄၀ အကြားသာ ထားရှိ၍ တစ်ဉီးလျှင် (၄) ပေခြားစီဖြင့် စနစ်တကျ စာပေသင်ကြားစေမှုကိုလည်းတွေ့မြင်ရသည်။

 

အလားတူ ကျောင်းသား၊ ကျောင်းသူများ ကိုဗစ် - ၁၉ ကပ်ရောဂါကူးစက်မှု မရှိစေရေးအတွက် အသက် (၁၂) နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ကောင်စီနယ်မြေအတွင်းရှိ ဆေးထိုးစုရပ်နေရာများ၌ ဆောင်ရွက်ပေးခဲ့ပြီး ဆေးထိုးရန် ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ဆက်လက်ထိုးနှံနိုင်ရေး ကျန်းမာရေးဝန်ထမ်းများနှင့် ညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်းလည်း သိရှိရသည်။

 

ကျောင်းသား၊ ကျောင်းသူများ စာပေသင်ကြားရာတွင် အထောက်အကူဖြစ်စေရန် အတွက် နိုင်ငံတော်အစိုးရအနေဖြင့် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းပြ ဆရာ၊ ဆရာမများနှင့် ကျောင်းအုပ်ကြီးများအားလုံးကိုလည်း မွမ်းမံသင်တန်းများ၊ စွမ်းရည်မြင့်သင်တန်းများ တက်ရောက်နိုင်စေရန် ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအတွက်လည်း ကျောင်းစဖွင့်သည့် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်ကတည်းကပင် ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံများ၊ ဘောပင်များ ထောက်ပံ့ပေးခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။

 

သတင်း - အောင်သန့်

ဓာတ်ပုံ - ကိုကိုထိန်