နေပြည်တော် ဧပြီ ၁၅
၁၃၈၄ ခုနှစ်မှ ၁၃၈၅ ခုနှစ်သို့ ကူးပြောင်းမည့် နှစ်သစ်ကူး အခါသမယတွင် မြန်မာ့ရိုးရာ ဓလေ့ထုံးစံများနှင့်အညီ အတာရေသဘင် သင်္ကြန်ပွဲတော်ကို နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ အပန်းဖြေနိုင်ရန် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။
ယနေ့တွင် နေပြည်တော်တခွင်၌ မြန်မာ့ရိုးရာ မဟာသင်္ကြန် အကြတ်နေ့ဖြစ်သည်နှင့်အညီ ဘုရားစေတီ ပုထိုးများ၌ ကုသိုလ်ကောင်းမှုပြုကြသူများ၊ စတုဒိသာကျွေးမွေးလှူဒါန်းကြသူများ၊ အေးချမ်းပျော်ရွှင်စွာ ရေကစားကြသူများနှင့် အပန်းဖြေစခန်းများ၌ လာရောက်အပန်းဖြေကြသူများ၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအတွင်း မဏ္ဍပ်ငယ်များ ဆောက်လုပ်၍ မိသားစုအလိုက် ရေပက်ကစားကြသူများဖြင့် အထူး စည်ကားလျက်ရှိသည်။
နံနက်ပိုင်းမှ စတင်၍ နေပြည်တော်ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး၊ ဓာတုဇယ ဓာတ်ပေါင်းစု စေတီတော်၊ ရန်အောင်မြင်ရွှေလက်လှဘုရား၊ သတ္တသတ္တာဟသံ ဝေဇနိယလေးဌာန စေတီ၊ လှေခွင်းတောင်ဘုရား၊ အခြားတန်ခိုးကြီး ဘုရားများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် တရားဘာဝနာ ပွားများအားထုတ်ကြသူများ၊ ဥပုသ်သီလ ဆောက်တည်ကြသူများ၊ တရားစခန်းများတွင် တရားဘာဝနာ ရှုမှတ်ပွားများကြသူများ၊ ရေသပ္ပာယ်ကြသူများ၊ ဆွမ်း၊ ရေချမ်း၊ ပန်း နှင့် ရွှေသင်္ကန်း လှူဒါန်းကြသူများဖြင့် စည်ကားလျက်ရှိသည်ကို တွေ့ရသည်။
ထို့အတူ နေပြည်တော် မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မဟာသင်္ကြန် ရေကစားမဏ္ဍပ်တို့တွင် မြန်မာ့အသံခေတ်ပေါ် တေးဂီတအဖွဲ့နှင့် တွဲဖက်၍ နိုင်ငံကျော် အနုပညာရှင်များ၊ တေးသံရှင်များက ပရိသတ်အကြိုက် တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြပြီး ဝန်ကြီးဌာနများ၊ ခရိုင်/ မြို့နယ်များမှ သင်္ကြန်ယိမ်းအကအဖွဲ့များကလည် ညီညာလှပသည့် ယိမ်းအကအလှများဖြင့် ပါဝင်ဖြည့်စွက်ကပြဖျော်ဖြေကြရာ ပါဝင်ဆင်နွှဲကြသူများဖြင့် အထူးစည်ကားလျက် ရှိသည်ကိုလည်း တွေ့မြင်ရသည်။
ပျဉ်းမနားမြို့မှ နေပြည်တော်မြို့တော်ဝန် မဏ္ဍပ်သို့ လာရောက်လည်ပတ်သူ မောင်အာကာဖြိုးက “သူငယ်ချင်းတွေနဲ့ အတူလာတာပါ။ နိုင်ငံကျော်အနုပညာရှင်နဲ့ တေးသံရှင်တွေ မြိုင်ဆိုင်စွာ သီဆိုဖျော်ဖြေပေးပြီး သင်္ကြန်ယိမ်းအဖွဲ့တွေကလည်း ညီညာလှပစွာ ကပြဖျော်ဖြေမှုတွေကို ပါဝင်ဆင်နွှဲရတာ ပျော်ဖို့ကောင်းပါတယ်။ စတုဒိသာ မဏ္ဍပ်ကလည်း အယုတ်အလတ် အမြတ်မရွေး မြန်မာ့ရိုးရာ အစားအစာတွေနဲ့ ကျွေးမွေး ဧည့်ခံပါတယ်။ ဒီနှစ်မှာ မြို့တော်ဝန်မဏ္ဍပ်အနီးမှာ နေပြည်တော် လမ်းလျှောက်သင်္ကြန်ကို ထည့်သွင်းကျင်းပပေးတော့ လည်ပတ်စရာတစ်ခု တိုးလာပါတယ်။ ညနေပိုင်းမှာ နေပြည်တော်လမ်းလျှောက်သင်္ကြန်ကို သွားမှာပါ” ဟု ပြောသည်။

အလားတူ နေပြည်တော်ရေပန်းဥယျာဉ်အတွင်းရှိ လမ်းလျှောက်သင်္ကြန်ပွဲတော်တွင်လည်း သင်္ကြန်ချစ်သူများ၊ လာရောက်ရေပက်ခံသူများ၊ ရေကစားကြသူများဖြင့် စည်ကားခဲ့ပြီး နေပြည်တော် ကောင်စီနယ်မြေအတွင်း အထင်ကရနေရာများဖြစ်သော ဇေယျာသီရိမြို့နယ် ကျည်တောင်ကျေးရွာအုပ်စုအတွင်းရှိ လှေခွင်းတောင် ကမ်းခြေအပန်းဖြေစခန်း၊ ကျည်တောင်ရေဆိပ်၊ ပျဉ်းမနားမြို့နယ်ရှိ အဝေရာကမ်းခြေ အပန်းဖြေစခန်း၊ တိရစ္ဆာန်ဥယျာဉ်၊ ဆာဖာရီဥယျာဉ်နှင့် မင်္ဂလာကန်တော်တို့တွင် လာရောက်အပန်းဖြေအနားယူကြသူများဖြင့် စည်ကားများပြားလျက်ရှိသည်။
“ ရန်ကုန်ကနေ နေပြည်တော်မှာရှိတဲ့ အစ်ကိုဆီကို လာလည်ရင်း ဒီနေ့မှာ မိသားစုနဲ့အတူ လှေခွင်းတောင်ကို အပန်းလာဖြေတာပါ။ လှေခွင်းတောင်ကိုလာတဲ့ လမ်းတစ်လျှောက်မှာလည်း မိသားစုမဏ္ဍပ်လေးတွေမှာ ရေပက်ကြတဲ့လူကြီး၊ ကလေးတွေကို တွေ့ရတဲ့အပြင် စတုဒိသာမဏ္ဍပ်တွေမှာ ရေပက်ခံထွက်ကြတဲ့ ဆိုင်ကယ်၊ ရေပက်ခံကားတွေကို မြန်မာ့ရိုးရာ အစားအစာတွေ ဝေငှပေးနေတဲ့ မြင်ကွင်းနဲ့ ကျွေးမွေးလှူဒါန်းနေကြတဲ့ မြင်ကွင်းကို မြင်တွေ့ရတာ ဝမ်းသာကြည်နူးမိပါတယ်။ မြန်မာပြည်သူအပေါင်း ဒီနှစ်သစ်ကူးအချိန်ကစပြီး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာနဲ့ နှစ်သစ်ကို ဖြတ်သန်းနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်” ဟု လှေခွင်းတောင် ကမ်းခြေအပန်း ဖြေစခန်းသို့ လာရောက်လည်ပတ်သူ ဦးဝဏ္ဏထွဋ်ခေါင်က ပြောသည်။
မဟာသင်္ကြန်ကာလအတွင်း ပြည်သူများ အေးချမ်းပျော်ရွှင် ဘေးအန္တရာယ်ကင်းရှင်းစွာ ရေကစားနိုင်ကြစေရန်နှင့် အပန်းဖြေကမ်းခြေစခန်းများ၌ ပြည်သူများ စိတ်အေးချမ်းပျော်ရွှင်စွာ အနားယူအပန်းဖြေနိုင်စေရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြည်သူများ၏ လုံခြုံရေးအတွက် တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိပြီး ယာဉ်ထိန်းရဲ တပ်ဖွဲ့များကလည်း ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေးအတွက် ယာဉ်ကြော ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အပန်းဖြေအနား ယူနေကြစဉ်အတွင်း အန္တရာယ်မရှိစေရေးအတွက် သတိပေးနှိုးဆော်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။
မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်သည် မြန်မာသက္ကရာဇ် နှစ်တစ်နှစ်ကုန်ဆုံးပြီး နှစ်သစ်၏ အေးချမ်းမှုကို ရရှိစေရန်၊ နှစ်ဟောင်းမှ အညစ်အကြေးများ ကင်းစင်လွင့်ပျောက်စေပြီး နှစ်သစ်သို့ မပါလာစေရန် ရည်ရွယ်၍ ရေစင်သွန်းလောင်းကြခြင်းဖြစ်သည်နှင့်အညီ နှစ်ဟောင်းမှ အညစ်အကြေးများကို သင်္ကြန်အတာရေဖြင့် တစ်ဦးကိုတစ်ဦး ကြည်နူးသိမ့်မွေ့စွာ ပက်ဖျန်းဆေးကြော ပျော်ရွှင်စွာ ရေကစားကြသည့် ရိုးရာယဉ်ကျေးမှုပွဲတော်တစ်ခုလည်းဖြစ်သည်။
သတင်း/ လုလင်ငယ်
ဓာတ်ပုံ / ကိုကြီးကျော်