နေပြည်တော် ၁၆ မေ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်အဆောက်အအုံ၊ အစည်းအဝေးခန်းမများ၊ အဆောင်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို ယနေ့နံနက် ၈ နာရီတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လွှတ်တော်မကျင်းပမီ အစည်းအဝေးခန်းမများ၊ စားသောက်ခန်းမအဆောင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ အရာရှိ စစ်သည် ၂၀၊ ဆေးဖျန်းယာဉ် ၄ စီးနှင့် နေပြည်တော်မီးသတ်ဦးစီးမှူးရုံးမှ မီးသတ်တပ်ဖွဲ့ဝင် ၈၀၊ အဆင့်မြင့်မီးငြှိမ်းသတ်ယာဉ် ၆ စီး၊ မီးသတ်ရေသယ်ယာဉ် ၂ စီး၊ ရေမှုန်ရေမွှားလုပ်စက်ရုပ် (LUF 60) Robotic Fire Fighting Vehicle ၂ စီးတို့ဖြင့် ဆောင်ရွက်ခဲ့သည်။ ထို့အပြင် နေ့စဉ် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကိုလည်း နေပြည်တော်ကောင်စီနယ်မြေအတွင်း ကန့်သတ်စောင့်ကြည့်နေရာများကိုလည်း သက်ဆိုင်ရာအဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။
အဆိုပါ ဆေးဖျန်းခြင်းလုပ်ငန်းဆောင်ရွက်ရာသို့ ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်၊ မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ လိုက်လံကြည့်ရှု ကြီးကြပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်