နေပြည်တော် ဇန်နဝါရီ ၂၇
ရုရှားနိုင်ငံသား ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်စဉ် ကောင်းမွန်သော ဝန်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်၍ ရုရှားဘာသာစကား (အခြေခံ) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပသည်။
အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ နေပြည်တော်ကောင်စီဥက္ကဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နေပြည်တော် ဟိုတယ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နေပြည်တော်ရှိ ဟိုတယ်များမှ မန်နေဂျာများ၊ ရုရှား - မြန်မာ ချစ်ကြည်ရေးအသင်းမှ နည်းပြဆရာများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ခရီးသွားဈေးကွက်ဝင်နိုင်ငံဖြစ်သည့် ရုရှားနိုင်ငံမှ ရုရှားခရီးသွား ဧည့်သည်များ လာရောက်လည်ပတ်ရာတွင် ၎င်းတို့နိုင်ငံ၏ ဘာသာစကားများဖြင့် ဝန်ဆောင်မှု ပေးနိုင်ရန်အတွက် ရုရှားဘာသာစကား ဒီပလိုမာသင်တန်းများ၊ ရုရှားဘာသာ စကား (အခြေခံ) သင်တန်းများနှင့် မွမ်းမံသင်တန်းများကို နေပြည်တော် ပြည်ထောင်စုနယ်မြေ အပါအဝင် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖွင့်လှစ်သင်ကြားပေးလျက် ရှိကြောင်း၊ ခရီးသွားကဏ္ဍ၌ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းများကို အကောင်အထည်ဖော်ခြင်းဖြင့် ဒေသခံပြည်သူများနှင့် အခွင့်အရေးကိုလက်လှမ်းမမီသည့် လူငယ် လူရွယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ကူညီဆောင်ရွက်ပေးလျက်ရှိ ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဌက နေပြည်တော်သို့ နိုင်ငံခြားသားခရီးသည်များနှင့် ရုရှားနိုင်ငံသား ခရီးသည်များ လာရောက်မှုနှင့် ခရီးစဉ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဧည့်သည်တော်များနှင့်အတူ စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကြပြီး သင်တန်းသား သင်တန်းသူများအား သင်တန်းပို့ချပေးနေမှုကို လှည့်လည်ကြည့်ရှုသည်။
အဆိုပါသင်တန်းသို့ နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ ဟိုတယ်နှင့် တည်းခို ရိပ်သာများမှ ဝန်ထမ်းများတက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တ(၄)ပတ်ကြာ ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


