နေပြည်တော်  ဇူလိုင် ၂၄

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ယနေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် ရှမ်းပြည်နယ်အတွင်းရှိ တောနိမ့်တောပါး ၄ နေရာ၌ ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံးများ ကြဲချခဲ့ကြောင်း သိရသည်။

 

၂၀၂၃ ခုနှစ် မိုးရာသီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဥတ္တရခရိုင် တပ်ကုန်းမြို့နယ် ဆင်သေချောင်း ရေဝေရေလဲဧရိယာအတွင်း အထက်ဆင်သေကြိုးဝိုင်း အကွက်အမှတ် ၅၉ ရှိ နေရာ ၂ နေရာ၊ဧရိယာ ၁၀ ဒသမ ၅ ဧကတွင် ဒေသနှင့်ကိုက်ညီသော သစ်ပင်အမျိုးအစား ၈ မျိုးဖြစ်သည့် မြန်မာကုက္ကိုလ်၊ သင်္ဘောကုက္ကိုလ်၊ စစ်၊ မယ်ဇလီ၊ ဘောစကိုင်း၊ ဘုံမဲဇာ၊ မန်ဂျန်ရှားနှင့် ရေသကျည်း သစ်စေ့များဖြင့် ပြုလုပ်ထားသော သစ်စေ့မြေလုံးစုစုပေါင်း ၁၀၀,၀၀၀ နှင့် နေပြည်တော်ကောင်စီမှ ပေးပို့လှူဒါန်းသည့် မန်ကျည်းစေ့ ၁၀၀,၀၀၀ ကြဲချခဲ့ခြင်းဖြစ်သည်။

 

ထို့ပြင် ရှမ်းပြည်နယ် တောင်ကြီးခရိုင ညောင်ရွှေမြို့နယ် အင်းလေးကန်ရေဝေရေ လဲဧရိယာ အတွင်း အင်းလေးအနောက်ကြိုးပြင်ကာကွယ်တောရှိ နေရာ ၂ နေရာ၊ ဧရိယာ ၂၉၃ ဧကတွင် ဒေသနှင့် ကိုက်ညီသော သစ်ပင်အမျိုးအစား ၆ မျိုးဖြစ်သည့် မယ်ဇလီ၊ ကုလားကုက္ကိုလ်၊ ယင်းမာ၊ ပျဉ်းမ၊ ရေသကျည်း၊ ဘောစကိုင်း၊ သစ်စေ့များဖြင့် ပြုလုပ် ထားသော သစ်စေ့မြေလုံး ၂၀၀,၀၀၀ ကြဲချခဲ့သည်။

 

အလားတူ ၂၀၂၂ ခုနှစ်၊ မိုးရာသီကလည်း တပ်မတော်လေ ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံးကြဲခြင်းကို ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဥတ္တရခရိုင် တပ်ကုန်းမြို့နယ် ဆင်သေချောင်း ရေဝေရေလဲ ဧရိယာတွင်အလုံး ၁၀၀,၀၀၀၊ ရှမ်းပြည်နယ်၊ အင်းလေးကန် ရေဝေရေလဲ ဧရိယာတွင် အလုံး၂၀၀,၀၀၀ ၊ စုစုပေါင်း ၃၀၀,၀၀၀  ကြဲချစိုက်ပျိုးသည်။

 

သစ်စေ့မြေလုံးကြဲချစိုက်ပျိုးခြင်းသည် ကုန်ကျစရိတ်သက်သာခြင်း၊ လူအင်အားအနည်းငယ်ဖြင့် ဧရိယာ ကျယ်ဝန်းစွာ စိုက်ပျိုးဆောင်ရွက်နိုင်ခြင်း သွားလာရန်ခက်ခဲသည့် တောင်ကုန်း၊ တောင်တန်းများတွင် ရဟတ်ယာဉ်များဖြင့် ဆောင်ရွက်နိုင်ခြင်း၊ အချိန်တိုအတွင်း ဧရိယာကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ခြင်း တို့အပြင် ပျိုးပင်ဖြင့်စိုက်ပျိုးခြင်းကဲ့သို့ ရှင်သန်အောင်မြင်မှု အထိုက်အလျောက် ထိရောက်မှုရှိပါကြောင်းနှင့် ၂၀၂၃ ခုနှစ်၊ မိုးရာသီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဥတ္တရခရိုင် တပ်ကုန်းမြို့နယ်ရှိ ဆင်သေချောင်း ရေဝေရေလဲဒေသနှင့် ရှမ်းပြည်နယ်တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေးကန် ရေဝေရေလဲဒေသများတွင် သစ်စေ့ကြဲချခြင်း အောင်မြင်ရှင်သန်မှုအခြေအနေများကို နမူနာကွက်များ ပြုလုပ်၍ အပင်ပေါက်ရောက်မှုကာလနှင့် သစ်စေ့မျိုးအလိုက် ပေါက်ရောက်ရှင်သန်နိုင်မှု အခြေအနေကို စာရင်းကောက်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)