နေပြည်တော် ဩဂုတ် ၉

 

မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်နည်းပညာတက္ကသိုလ်၊ စုဝေးခန်းမ၌  ဆောင်ရွက်သည်။  

 

ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦး က မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) အသုံးပြုဆောင်ရွက်ရသည့် ရည်ရွယ်ချက်များ၊ ရရှိနိုင်မည့်အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး တာဝန်ရှိသူများက စမ်းသပ်မဲပေးခြင်း လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးကြသည်။ 

 

Myanmar Electronic Voting Machine (MEVM) စက် အသုံးပြု၍ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲပေးခြင်းလုပ်ငန်းစဉ်ကို အချိန်တိုအတွင်း ရိုးရှင်းလွယ်ကူစွာ မဲပေးဆောင်ရွက်နိုင်ခြင်း၊ မိမိမဲပေးရွေးချယ် လိုက်သည့် အခြေအနေအား မျက်မြင်တွေ့ရှိရသည့်အတွက် စိတ်ချယုံကြည်မှုအပြည့်ဖြင့် ပွင့်လင်း မြင်သာမှုရှိစွာ ဆောင်ရွက်နိုင်ခြင်း၊ ပယ်မဲများမရှိနိုင်တော့သည့်အတွက် မိမိတို့၏ဆန္ဒမဲများ အဟောသိကံ ဖြစ်ရသည့် အခြေအနေမျိုး မရှိနိုင်တော့ခြင်း စသည့် အကျိုးကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်သည်။

 

ကျင်းပမည့်ရွေးကောက်ပွဲတွင် ပထမအကြိမ်မဲပေးကြမည့် မဲဆန္ဒရှင် ကျောင်းသား/ကျောင်းသူ လူငယ်များ အနေဖြင့် MEVM စက် အသုံးပြုမဲပေးခြင်းနှင့်စပ်လျဉ်း၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးကို မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းတစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိသည်။

 

အခမ်းအနားသို့ နေပြည်တော်နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ စိုးလင်းအောင်၊ ဌာနအကြီးအမှူးများ၊ ပါမောက္ခများ၊ အရာထမ်း/အမှုထမ်းများနှင့် ကျောင်းသား/ကျောင်းသူ  စုစုပေါင်း ၁၈၀  တက်ရောက်ခဲ့ကြပြီး မဲပေးစက်ဖြင့် လက်တွေ့ဆန္ဒမဲပေးခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)