ဒက္ခိဏသီရိ၊ ၃၀ ဇန်နဝါရီ
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်၏ (၉)ခုမြောက်ဘဏ်ခွဲဖြစ်သည့် လယ်ဝေးဘဏ်ခွဲ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၃၀ ရက် နံနက် ၈ နာရီက လယ်ဝေးမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ သုခုမလမ်း၊ (လယ်ဝေးမြို့နယ်၊ အားကစားကွင်းရှေ့)ရှိ အဆိုပါဘဏ်ခွဲ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်း၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီဝင်များ၊ ဒါရိုက်တာအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် ဘဏ်တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်း၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက် ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌ ဦးရဲမင်းဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန်၊ နေပြည်တော် ဖွံ့ဖြိုးရေးဘဏ်လီမိတက် ဒါရိုက်တာအဖွဲ့နာယက ဒေါက်တာမျိုးအောင်က နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်၊ လယ်ဝေးဘဏ်ခွဲဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်သည်တော်များနှင့်အတူ ဘဏ်ခွဲအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ဇော်မင်းလွင်(ခရိုင်ပြန်/ဆက်)


