နေပြည်တော်၊ ဇန်နဝါရီ ၂၁
ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး၏ ကဏ္ဍတစ်ခုဖြစ်သည့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တို့ရှိ သတ်မှတ်မြို့နယ်များတွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ နေပြည်တော်ပြည်ထောင်စုနယ်မြေ ပျဉ်းမနားမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်များရှိ စာသင်ဝိုင်းများတွင် စာသင်သားပြည်သူများ သင်ကြားနေမှု အခြေအနေများကို ပညာရေး ဝန်ကြီးဌာန ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းသည် ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ပညာ) ဒေါက်တာဝင်းဖေ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းနှင့် ညပိုင်းတို့တွင် သွားရောက်ကြည့်ရှုအားပေးသည်။
ဦးစွာ ညနေပိုင်းတွင် ပျဉ်းမနားခရိုင် ပျဉ်းမနားမြို့နယ် ဘောဂဝတီရပ်ကွက်ရှိ အခြေခံစာတတ်မြောက်ရေး လုပ်ငန်းစာသင်ဝိုင်း၊ ရန်အောင် ၂ ဓမ္မာရုံရှိ စာသင်ဝိုင်းများ၊ ထို့မှတစ်ဆင့်သကြားစက်ကျေးရွာရှိ စာသင်ဝိုင်းများသို့သွားရောက်၍ စေတနာလုပ်အားပေး နည်းပြများနှင့်ကြီးကြပ်များက တက်ရောက် သင်ကြား လျက်ရှိကြသည့် စာသင်သားများကို သင်ကြားနေမှု၊ စာသင်သားများ၏ တတ်ကျွမ်းမှု စွမ်းရည်များကို ကြည့်ရှုအကဲဖြတ်ခြင်းနှင့် စာဖတ်စွမ်းရည်များ တိုးတက်လာမှုများကို ကြည့်ရှု့အားပေးသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ပညာ)၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် စေတနာရှင်အလှူရှင်များက စာရေးကိရိယာနှင့်ထောက်ပံ့ ပစ္စည်းများပေးအပ်ခဲ့ကြရာ စာသင်သားကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြသည်။

ညပိုင်းတွင် ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် ဇမ္ဗူသီရိမြို့နယ် အောင်ဇမ္ဗူရပ်ကွက်ရှိ အခြေခံ စာတတ်မြောက်ရေး လုပ်ငန်းစာသင်ဝိုင်းတွင် စာသင်သားပြည်သူများ စာတတ်မြောက်ရေး သင်ကြားနေမှုကို ကြည့်ရှု့အားပေးပြီး စာသင်သားများအတွက် ထောက်ပံ့ပစ္စည်းများနှင့်စား သောက်ဖွယ်ရာများကို ပေးအပ်သည်။
အခြေခံစာတတ်မြောက်ရေးလုပ်ငန်း သင်ကြားခြင်းအစီအစဉ်တွင် ဦးတည်အုပ်စုအဖြစ် အသက် ၁၅ နှင့်အထက် လူငယ်နှင့်သက်ကြီးပိုင်းအရွယ် စာမတတ်သူများကို သင်ကြားပေးခြင်းဖြစ်ပြီး စာသင်ကြားပေးရာတွင် ၁ ရက် ပျှမ်းမျှ ၃ နာရီနှုန်းဖြင့် အနည်းဆုံးနာရီပေါင်း ၁၂၀၊ ရက်အားဖြင့် ၄၀ ကြာ အခြေခံမြန်မာစာ၊ အခြေခံ သင်္ချာဘာသာရပ်များနှင့်လူမှု ဘဝမြင့်မားရေးအစီအစဉ်များကို အသိပညာပေး ဆွေးနွေးပို့ချ သင်ကြားပေးလျက်ရှိပြီး ရပ်ရွာအတွင်းရှိ စေတနာရှင် အလှူရှင်များကလည်း စာသင်သားများအတွက် ပံ့ပိုးလှူဒါန်းလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်