နေပြည်တော် အောက်တိုဘာ ၆
နေပြည်တော် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်နှင့် မြို့နယ်ဘဏ်ခွဲ လေးဘဏ်မှ တောင်သူများအား ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးခြင်းကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ဆက်လက် ထုတ်ချေးပေးလျက် ရှိကြောင်း သိရသည်။
ယခုဖြစ်ပွားနေသော ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်ရန် ထုတ်ပြန်ထားသော သွားလာမှုကန့်သတ်ချက်များ၊ ကုန်စည် ကူးသန်းရောင်းဝယ်မှု အခက်အခဲများနှင့် သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် တောင်သူဦးကြီးများ၏ အခက်အခဲများကို အထိုက်အလျောက် ပြေလည်စေရန် ၂၀၂၀ ပြည့်နှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများ ပြန်လည်ပေးဆပ်ရန်ကာလကို ဇူလိုင် ၃၁ ရက်အစား ၂၀၂၁ခုနှစ် ဒီဇင် ဘာလ ကုန်အထိ၊ ကိုဗစ်-၁၉ အထူးချေးငွေ ပြန်လည်ပေးဆပ်ရန် ကာလကို ၂၀၂၁ခုနှစ် စက်တင် ဘာ ၁၅ အစား ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကုန်အထိနှင့် ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ထုတ်ချေးမှု နောက်ဆုံးရက်ကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ အစား ၂၀၂၁ ခုနှစ် အောက်တိုဘာလ ကုန်အထိ တိုးမြှင့်ပြင်ဆင် သတ်မှတ်ပေးထားသည်။
လက်ရှိတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်နှင့် မြို့နယ်ဘဏ်ခွဲလေးဘဏ်မှ ၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ကျေးရွာအုပ်စု ၁၂၇ အုပ်စု၊ တောင်သူ ၆၂၆၂ ဦး၊ စပါး ၂၂၁၉၃ ဧကနှင့် အခြားသီးနှံ ၂၈၉၄ ဧက စုစုပေါင်းစိုက်ဧက ၂၅၀၈၇ ဧက အတွက် ချေးငွေကျပ် ၃၆၁၈ ဒသမ ၃၅ သန်း ထုတ်ချေးထားပြီးဖြစ်ကြောင်း နေပြည်တော်တိုင်း ဘဏ်ခွဲမန်နေဂျာထံမှ သိရသည်။
သတင်းစဉ်