နေပြည်တော် ၃၀  စက်တင်ဘာ

နေပြည်တော်ရှိ ညစျေးများဖြစ်သည့် မြို့မစျေး၊ သပြေကုန်းညစျေး၊ ပုဗ္ဗသီရိညစျေးနှင့် ဒက္ခိဏသီရိညစျေး တို့ကို စက်တင်ဘာ  ၃၀ ရက်မှစ၍ နှစ်ပတ်(သို့မဟုတ်)သုံးပတ် ယာယီပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

Covid-19 လူနာတွေ့ရှိမှု များပြားလာသောကြောင့် နေပြည်တော် ညစျေးများတွင် လာရောက်ဝယ်ယူမှု နည်းပါးနေပြီး လူစုလူဝေးဖြစ်မှုကို လျှော့နိုင်သမျှ လျှော့ချသည့်အနေဖြင့် နေပြည်တော်ရှိ ညစျေးများကို ယာယီပိတ်သိမ်းသွားမည်ဖြစ်ကြောင်း၊ မနက်ပိုင်း ဖွင့်လှစ်သည့် ကုန်စိမ်းကုန်ခြောက်ရောင်းသည့် ပျံကျစျေးများကိုမူ စားသုံးမှုပြတ်တောက်မှု မရှိစေရေးအတွက် ဆက်လက်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း၊ Covid-19 ရောဂါကူးစက်မှုအား ကာကွယ်ထိန်းချုပ်သည့်အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနက ထုတ်ပြန်သည့် စည်းကမ်းချက်များနှင့်အညီ ပိုမိုတင်းကျပ်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လယ်ဝေးမြို့ ဖောင်တော်ချက်မဘုရားအနီး ပျံကျစျေးကိုလည်း ယာယီပိတ်ထားပြီး နေပြည်တော် စည်ပင်သာယာရေးကော်မတီက ခွင့်မပြုဘဲ ဖွင့်ထားသည့် တရားမဝင်ပျံကျစျေးများကိုလည်း ပိတ်သိမ်းသွား မည်ဖြစ်ကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီ  စျေးများဌာနမှူး ဦးတိုင်းကျော်က ပြောသည်။

 

ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် စက်တင်ဘာ ၂၉  ရက် ည ၈ နာရီအထိ Covid-19 အတည်ပြုလူနာ တွေ့ရှိမှုအခြေအနေမှာ ဇဗ္ဗူသီရိမြို့နယ် (၆၉) ဦး၊ ဒက္ခိဏသီရိမြို့နယ်(၁၄)ဦး၊ ဥတ္တရသီရိမြို့နယ်(၇)ဦး၊ ပုဗ္ဗသီရိမြို့နယ် ၁၀ ဦး၊ ဇေယျာသီရိမြို့နယ် (၃) ဦး၊ ပျဉ်းမနားမြို့နယ်(၁၄)ဦး၊ လယ်ဝေးမြို့နယ်(၁၂)ဦးနှင့် တပ်ကုန်းမြို့နယ်(၁)ဦး စုစုပေါင်း ၁၃၀ ရှိကြောင်း သိရသည်။

ရွှေရွှေမြင့်(ပြန်/ဆက်)