နေပြည်တော်   ဒီဇင်ဘာ   ၂၂

 

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် သံဝေဇနိယလေးဌာန (ဖွား၊ပွင့်၊ဟော၊စံ) စေတီဌာနရှိ သတ္တသတ္တာဟ မဟာဗောဓိစေတီတော်ကြီး ပဋ္ဌာန်းဓမ္မာရုံ၌ ခုနစ်ရက်သားသမီးအပေါင်း ဘေးရန်ကင်းဝေး အေးချမ်းကြ စေရန်နှင့် ချမ်းသာသုခ ခံစားကြစေရန်အတွက် (၁၈) ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းတရားတော်ကို ဒီဇင်ဘာ ၁၈ ရက်မှ စတင်ရွတ်ဖတ်ပူးဇော်ခဲ့ရာ ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းတွင် ပဋ္ဌာန်းအောင်ပွဲ အခမ်းအနားအဖြစ် အဆိုပါ ဓမ္မာရုံ၌ ကျင်းပခဲ့သည်။

 

အခမ်းအနားကို နမောတဿ သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မရှိခဏဆရာတော် ဘဒ္ဒန္တတိက္ခာစာရထံမှ ပရိသတ်များက ကိုးပါးသီလ ခံယူဆောက်တည်ခြင်း၊ ဆရာတော် သံဃာတော် များထံမှ မေတ္တာသုတ် ပရိတ်တရားတော်များ နာယူကြည်ညိုခြင်းများ ပြုလုပ်ကြသည်။ ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦးနှင့် တာဝန်ရှိသူများက ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူးဒါန်းသည်။

 

မဟာပဋ္ဌာန်းအောင်ပွဲ အခမ်းအနားသို့ ပုဗ္ဗသီရိမြို့နယ် သံဃနာယကအဖွဲ့ အဖွဲ့ဝင် မရှိခဏဆရာတော် ဘဒ္ဒန္တတိက္ခာစာရ အမှူးပြုသော ဆရာတော် သံဃာတော် ကိုးပါး ကြွရောက်ချီးမြှင့်တော်မူပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

 

မျိုးသီဟ(ပြန်/ဆက်)