နေပြည်တော် ၈ အောက်တိုဘာ

             

နေပြည်တော်  ပြည်ထောင်စုနယ်မြေအတွင်းရှိ ဝန်ထမ်းများ ကျန်းမာကြံ့ခိုင်စေရေးအတွက် အားကစား လေ့ကျင့်ခန်းများ အားလပ်ချိန်တွင် ပြုလုပ်နိုင်ရန်အတွက် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်း ရေကူးအားကစားပြုလုပ်စေခြင်း၊ ဝဏ္ဏသိဒ္ဓိအားကစားဝန်းအတွင်း စက်ဘီးများအား ဝန်ထမ်းကဒ်ပြ၍ အခမဲ့စီးနင်းစေခြင်း၊ အားကစားဝန်းအတွင်း လမ်းလျှောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုများပြုလုပ်ရာတွင် Outdoor Fitness ကိရိယာများထားရှိခြင်းတို့ကို ဆောင်ရွက်ထားရှိသည့်အပြင် ယခုအခါ ဝန်ထမ်းများ အားလပ်ချိန် GYM ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ၊ လေ့ကျင့်မှုများပြုလုပ်နိုင်ရန် GYM Fitness Centre ကို ဝဏ္ဏသိဒ္ဓိအားကစားဝန်းအတွင်း ပြင်ဆင်ထားရှိမှု အခြေအနေများအား ယနေ့၊ မွန်းတည့် ၁၂နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး သွားရောက် ကြည့်ရှုစစ်ဆေးသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် GYM Fitness Centre ခန်းမ၌ လေ့ကျင့်ခန်း စက်ကိရိယာများ ပြင်ဆင်ထားရှိမှု၊ နည်းပြကို အကူသင်ကြားပြသရန် ပြင်ဆင်ထားရှိမှုတို့အား ကြည့်ရှု စစ်ဆေးရာ  အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က လိုက်လံ ရှင်းလင်းပြသပြီး အားကစားနည်း စက်ကိရိယာများ ကိုင်တွယ်လေ့ကျုင့်ရန်အတွက်  အားကစားနည်းအလိုက် နည်းပြများက စက်ကိရိယာများကိုင်တွယ် အသုံးပြုပုံကို သရုပ်ပြသခဲ့ကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက GYM Fitness Centre တွင် လေဝင်လေထွက်စနစ် ကောင်းမွန်မှုရရှိစေရန်၊ စက်ကိရိယာများကို ဝန်ထမ်းများကိုင်တွယ်အသုံးပြုရာတွင် လွယ်ကူမှုရှိစေရန်၊ စက်ကိရိယာများ ပျက်စီးဆုံးရှုံးမှု မရှိစေရေး၊ ဝန်ထမ်းများလွယ်လင့်တကူ လာရောက်လေ့ကျင့်ခန်းပြုလုပ်နိုင်ရန်၊ ဝန်ထမ်းများလေ့ကျင့်ရာတွင် အားကစားနည်းအလိုက် လိုသလိုအသုံးပြုနိုင်ရန်၊ လေ့ကျင့်ခွင့်ကဒ် အားစနစ်တကျ မှတ်ပုံတင်ပြီးမှ အခမဲ့လေ့ကျင့်နိုင်စေရန်၊ လေ့ကျင့်ချိန်အား မနက်တစ်ကြိမ်၊ ညတစ်ကြိမ်ပြုလုပ်ပြီး လေ့ကျင့်ခွင့်ပေးရန် လာရောက် လေ့ကျင့်သော ဝန်ထမ်းအင်အား အပေါ်မူတည်၍ လေ့ကျင့်ချိန်ကို လိုသလို ပြုပြင်ပြောင်းလဲတိုးချဲ့နိုင်ရန်အတွက် နေ့စဉ်လာရောက်လေ့ကျင့်မှုအား မှတ်တမ်းတင်ထားရှိရန်၊ ဝန်ထမ်းများအခမဲ့လာရောက်လေ့ကျင့်နိုင်သည်ကို ဝန်ထမ်းများ သိရှိနိုင်စေရန်အတွက် အသိပေးကြော်ငြာဆောင်ရွက်ရန်၊ လိုအပ်ပါကလေ့ကျင့်မှုအင်အားကိုမူတည်၍ စက်ကိရိယာများ တပ်ဆင်တိုးချဲ့ဆောင်ရွက်ရန်တို့ကို မှာကြားသည်။

 

mdn

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် GYM လာရောက်လေ့ကျင့်သော ဝန်ထမ်းများ အပန်းဖြေစားသောက်နိုင်ရန်အတွက် ဖွင့်လှစ်ထားရှိသော စားသောက်ဆိုင်အား လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

 

အဆိုပါ GYM Fitness Centre သည် အနံပေ(၆၀)၊ အလျားပေ(၁၂၀) ကျယ်ဝန်းသော အဆောက်အဦခန်းမဖြစ်ပြီး အားကစားခန်းမအတွင်း GYM လေ့ကျင့်ခန်းအသုံးပြုရာတွင် နှလုံးလည်ပတ်မှု အားကောင်းစေရန် စက်ကိရိယာအုပ်စု၊ ကြွက်သားများကြံ့ခိုင်သန်စွမ်းမှုရှိစေရန် စက်ကိရိယာ အုပ်စု၊ အခြားအားကစားနည်းအလိုက် စွယ်စုံအသုံးပြုနိုင်သော စက်ကိရိယာအုပ်စုဟူ၍ ခွဲခြားထားရှိကြောင်း၊ စက်ကိရိယာပစ္စည်း(၂၆)မျိုး ထားရှိပြီး စက်ကိရိယာပစ္စည်းတန်ဖိုး စုစုပေါင်းခန့်မှန်းငွေ (၁၇၅၇)သိန်း၊ အဆောက်အဦးတန်ဖိုး(၆၂၄၅)သိန်းခန့် ကုန်ကျခဲ့ကြောင်းနှင့် အောက်တိုဘာ (၁၆)ရက် နေ့မှစ၍ GYM Fitness Centre ခန်းမအား ဝန်ထမ်းများအနေဖြင့် စနစ်တကျ မှတ်ပုံတင်ဝင်ခွင့်ကဒ် ပြုလုပ်ပြီး အခမဲ့လာရောက်လေ့ကျင့်နိုင်ကြောင်း သိရသည်။

 

သတင်းစဉ်

 

mdn