နေပြည်တော် ၂၄ ဧပြီ
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် သပြေကုန်းရပ်ကွက် သပြေကုန်းဈေးရှိ ကုန်စိမ်း/ကုန်ခြောက်/သားငါးဈေးတန်းသို့ ဈေးဝယ်လာသူ ဈေးရောင်းချသူတို့အား ကိုရိုနာဗိုင်းရပ်ရောဂါ (ကိုဗစ်-၁၉) ကူးစက်ပြန့်ပွားခြင်းမရှိစေရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ရေး လုပ်ငန်းစဉ်များ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါဈေးပတ်ပတ်လည်အား ယာယီစည်းကာရံထားပြီး ဝင်ပေါက် ၄ ခု ထားရှိကာ ဈေးရောင်းသူနှင့် ဈေးဝယ်သူတို့အား ကိုယ်အပူချိန်တိုင်းပြီးမှ ဈေးအတွင်းဝင်စေခြင်း၊ mask နှင့် လက်အိတ်များ တပ်ဆင်စေပြီးမှ ဈေးရောင်းချစေခြင်းနှင့် လက်ဆေးရန်နေရာများကိုလည်း ပြုလုပ်ပေးထားသည်ကို တွေ့မြင်ခဲ့ရသည်။
ထို့အပြင် ဈေးတွင်တာဝန်ကျ စည်ပင်သာယာရေးဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာစစ်ဆေးပေးခြင်း လက်ဆေးရန်နှင့် မလိုအပ်ဘဲ အိမ်ပြင်မထွက်ရေး ပညာပေး တေးသီချင်းများဖွင့်၍ အသိပညာပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သပြေကုန်းဈေးသို့ လာရောက်ဈေးဝယ်သူများနှင့် ဈေးရောင်းချသူတို့အား ဇမ္ဗူသီရိမြို့နယ် ပြန်ကြာရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးနှင့်ဝန်ထမ်းများ နယ်မြေခံ ကျန်းမာရေးဝန်ထမ်းများ ဈေးတာဝန်ကျ စည်ပင်ဝန်ထမ်းများ ပူးပေါင်း၍ ဈေးအတွင်း ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ဆောင်ရန် ရှောင်ရန်များပါသည့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ကိုဗစ်-၁၉ အသိပညာပေး ဗီနိုင်းပိုစတာကပ်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
"အရင်က ဈေးက ခုလို ယာယီမကာထားတော့ အပူချိန်တိုင်းတာဖို့က အဆင်မပြေဘူး၊ ခု ယာယီခြံစည်းရိုးကာလိုက်ပြီး ဝင်ပေါက်(၄)ပေါက်ပဲထားလိုက်တော့ ဝင်ပေါက်ကဝင်လာသူတိုင်းကို ကိုယ်အပူချိန်တိုင်းလို့ရတာပေါ့၊ လက်ဆေးဖို့အတွက်တော့ လက်ဆေးဖို့ နေရာတွေ ဆပ်ပြာတွေ hand gel တွေကို အဆင်သင့်ထားပေးထားပါတယ်"ဟု သပြေကုန်းဈေးအုပ်ချုပ်ရေးမှူးက ပြောသည်။
သပြေကုန်းဈေးသို့ ဈေးလာဝယ်သူများ ဈေးရောင်းချသူများနှင့် ဈေးကြီးကြပ်မူကော်မတီများ ကိုဗစ်-၁၉ ဖြစ်ပွားနေသည့်ကာလအတွင်း လိုက်နာရမည့်စည်းကမ်းများကိုလည်း ပြည်သူအများ တွေ့မြင်နိုင်စေရန် မြေစိုက်ပိုစတာကြီးဖြင့် စိုက်ထူထားကြောင်း သိရသည်။
မောင်ယဉ်ဦး(ဒလ)


