နေပြည်တော် ၂၀ ဧပြီ
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အမှတ်(၃) စစ်ကြောရေးနှင့် တည်းခိုရေးစခန်း (ရွာတော်)၊ နေပြည်တော်ဘူတာကြီး (ရွာတော်)၊ ပုဗ္ဗသီရိမြို့နယ် နဝဒေးရပ်ကွက် အထက (၂၀) နှင့် တပင်ရွှေထီးရပ်ကွက် စစ်မှုထမ်းဟောင်းအိမ်ရာတို့တွင် ပိုးသတ်ဆေး ဖျန်းခြင်းလုပ်ငန်းများကို ယနေ့ မွန်းလွဲပိုင်းတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ ဆေးဖျန်းယာဉ် (၂)စီး၊ နေပြည်တော်တိုင်း မီးသတ်ဦးစီးမှူးရုံးမှ အဆင့်မြင့် မီးသတ်ယာဉ် (၄) စီးနှင့် ရေမှုန်ရေမွှားထုတ် စက်ရုပ်ယာဉ် LUF-60 Robotic Fire Fighting Vehicle (၂) စီးတို့ဖြင့် အမှတ် (၃) စစ်ကြောရေးနှင့် တည်းခိုရေးစခန်း (ရွာတော်) တွင် ဖွင့်လှစ်ထားသော ကန့်သတ်စောင့်ကြည့်မည့် နေရာများရှိ အဆောင်များနှင့် စစ်မှုထမ်းဟောင်း အိမ်ရာရှိ လမ်းမကြီးများ၊ လူနေထူထပ်သောနေရာများ၊ ဈေးများနှင့် နေပြည်တော်ဘူတာကြီး (ရွာတော်) အတွင်းတို့၌ ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
ထို့အပြင် နေ့စဉ် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ကန့်သတ် စောင့်ကြည့်နေရာများ၌ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
အေးသန်း