ဇမ္ဗူသီရိ ၂၃ စက်တင်ဘာ
ခွေးရူးပြန်ရောဂါဖြစ်ပွားမှုလျော့ကျထိန်းချုပ်နိုင်ရေးအတွက် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ မြို့/ရပ်ကွက်နှင့်ကျေးရွာများတွင် ကာကွယ်ဆေးများထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးခြင်းအား ပိုင်ရှင်မဲ့/ရှိ ခွေးများ၊ ကြောင်များအား လိုက်လံထိုးပေးနေခြင်းဖြစ်ပြီး ယခုလ ၁၇ ရက်နေ့မှ စတင်ကာ ၃၀ ရက်နေ့အထိ ထိုးပေးသွားမည်ဟု သိရသည်။ကာကွယ်ဆေးထိုးပေးလျက်ရှိသည့် နယ်များမှာ ရန်ကုန်၊ နေပြည်တော်၊ ညောင်ဦးနှင့် မန္တလေးမြို့များဖြစ်ပြီး ဆက်လက်၍ ပုဂံနှင့်ပဲခူးမြို့ရှိ ခွေးနှင့်ကြောင်များအား ကာကွယ်ဆေးထိုပေးသွားမည်ဟု သိရသည်။
"ကာကွယ်ဆေးထိုးပေးတဲ့စီမံချက်မြို့တွေက ခွေးနဲ့ကြောင် ၇၀ ရာခိုင်နှုန်းထိ လွှမ်းခြုံနိုင်အောင် ထိုးပေးသွားမှာပါ၊ ကျွန်တော်တို့ ကာကွယ်ဆေးထိုးပေးတဲ့အဖွဲ့ (၅)ဖွဲ့ ခွဲပြီး လိုက်ထိုးပေးနေပါတယ်၊ လမ်းပေါ်က လေလွင့်ခွေးတွေကို ကျွန်တော်တို့ အဖွဲ့တွေကမှုတ်ပြောင်းနဲ့မှုတ်ပြီး ဆေးထိုးရတော့အကောင်တိုင်းဆေးထိုးမိဖို့ကမလွယ်ဘူး၊ပိုင်ရှင်ရှိတဲ့ခွေး/ကြောင်တွေကတော့အဆင်ပြေတယ်၊ဒါတောင်တချို့ခွေး/ကြောင်ပိုင်ရှင်တွေကပါဝင်မှုအားနည်းတယ်" ဟု ဇမ္ဗူသီရိမြို့နယ် မင်္ဂလာ သိဒ္ဓိရပ်ကွက်တွင်ကာကွယ်ဆေးလိုက်လံထိုးပေးသည့်အဖွဲ့မှအဖွဲ့ခေါင်းဆောင်ဒေါက်တာ လှိုင်မင်း(လ/ထညွန်ကြားရေးမှူး၊မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ဇမ္ဗူသီရိမြို့နယ်)က ပြောသည်။
ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းစဉ်အား တိရိစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် Four Paws International တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ခွေးရူးပြန်ရောဂါသည် ရောဂါလက္ခဏာပြသည်နှင့်တစ်ပြိုင်နက်အသက်သေဆုံးနိုင်ကြောင်း၊ ခွေးရူးပြန်ရောဂါသည် ခွေးမှတစ်ဆင့်လူသို့(ခွေးကိုက်ခံရခြင်း)ကူးဆက်သည်ဖြစ်သောကြောင့် ခွေးများအား ကာကွယ်ဆေးထိုးပေးခြင်းဖြင့် ရာနှုန်းပြည့် ကာကွယ်မှုပေးနိုင်ကြောင်းလည်း သိရသည်။
ခွေးနှင့်ကြောင်ကောင်ရေ ပေါင်း ၁,ဝ၀ဝ,ဝ၀ဝ အား ကာကွယ်ဆေးထိုးပေးခြင်းဖြင့် ၂၀၃၀ မြန်မာအမျိုးသား ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေး စီမံကိန်းအား ကူညီအားဖြည့်တင်းရာ ရောက်သည့်အတွက် ပြည်သူများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လိုကြောင်းလည်း သိရသည်။
မောင်ယဉ်ဦး (ဒလ)


