ရန်ကုန် ၆ ဇူလိုင်

မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုစေရန်၊ နေပြည်တော်တွင် အများပြည်သူ စိတ်အပန်းဖြေမှုရရှိစေရန်၊ နေပြည်တော်သို့ လာရောက်လေ့လာသူများဖြင့် စည်ကား လာစေရန်နှင့် ဖျော်ဖြေတင်ဆက်မှုများဖြင့် ပြည်သူများစိတ်ဝင်စားမှုရရှိစေရန် ရည်ရွယ်ချက်ဖြင့် နေပြည်တော်တွင် ခေတ်မီရုပ်ရှင်စတူဒီယိုများ တည်ဆောက်နိုင်ရေးနှင့် စပ်လျဉ်းသည့် မှတ်တမ်းရုပ်ရှင် ပြသရှင်းလင်းပွဲကို ယနေ့နံနက်(၁၀)နာရီက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ အမှတ်(၅၀) ရွှေတောင်ကြား လမ်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲရှိ ရုပ်ရှင်ပြခန်း၌ ကျင်းပသည်။

mdn

အဆိုပါ အသိပေးရှင်းလင်းပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့်အတူ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင် ဦးမင်းသူ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရုပ်ရှင်လောကသားများ၊ ရုပ်ရှင်လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင် စားသူများနှင့် မီဒီယာများ တက်ရောက် ကြသည်။

ရှေးဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် မြန်မာ့ရုပ်ရှင်လောကနှင့် မြန်မာ့ရုပ်ရှင်အနုပညာ ဖန်တီးမှုများနှင့် စပ်လျဉ်းပြီး စိတ်အားထက်သန်မှုရှိသည်နှင့်အညီ ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့်လည်း ရုပ်ရှင်လောကသား များနှင့် ပူးတွဲပြီး မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြှင့်တင်ကာ အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရုပ်ရှင်လောကသားများ၏ အနုပညာဖန်တီးမှုများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုပ်ရှင်လောကသားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရန်၊ ရုပ်ရှင်လောကသားများက ပီပြင်ပြောင်မြောက်သည့် အနုပညာများ ပိုမိုဖန်တီးနိုင်ရန်နှင့် ရုပ်ရှင်လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်မှုများ ထွန်းကားတိုးတက်လာစေရန် အချက်များ ပါဝင်နေပါကြောင်း။

မြန်မာ့ရုပ်ရှင်လောကမှ ထုတ်လုပ်သည့် အနုပညာပစ္စည်းများ ပိုမိုပီပြင်တောက်ပလာ သည်နှင့်အမျှ ၎င်းအနုပညာလက်ရာများအပေါ် မြန်မာနိုင်ငံသားများ၏ ပိုမိုစိတ်ဝင်စားမှု၊ နှစ်သက်လာမှုတို့နှင့်အတူ နိုင်ငံအပေါ် တန်ဖိုးထားလိုစိတ်များ ပေါ်ပေါက်လာမည်ဖြစ်ပါကြောင်း၊ ထိုမှတစ်ဆင့် ပိုမိုပြောင်မြောက်သည့် အနုပညာများ ဖန်တီးထုတ်လုပ်နိုင်သည်နှင့်အမျှ အိမ်နီးချင်းနိုင်ငံများအပါအဝင် ပြည်ပနိုင်ငံ များကလည်း စိတ်ဝင်စားပြီး ဂရုပြု အားပေးလာကြမည်ဆိုလျှင် နိုင်ငံ၏ပုံရိပ်လည်း တိုးတက်လာမည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ မြန်မာတို့ မြန်မာနိုင်ငံကို မြတ်နိုးတန်ဖိုးထားသည်နှင့်အညီ နိုင်ငံတ ကာ၏ လေးစား အသိအမှတ်ပြုလာမည့် အနေအထားလည်း ရောက်ရှိလာမည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။

mdn

ဆက်လက်၍ ဒါရိုက်တာ ဇော်မြင့်ဦး စီစဉ်ရိုက်ကူးသည့် နေပြည်တော်၏ အချက်အချာကျမှု၊ ရှုခင်းများကောင်းမွန်မှု၊ လမ်းပန်းဆက်သွယ်ရေးလွယ်ကူမှု၊ ရုပ်ရှင်ရိုက်ကူးနိုင်မည့် အခင်းအကျင်းများ ပြည့်စုံကောင်းမွန်မှုတို့နှင့်ပတ်သက်သည့် မှတ်တမ်းရုပ်ရှင်ကို ပြသပြီး ဒါရိုက်တာဇော်မြင့်ဦးက ၎င်းမှတ် တမ်းရုပ်ရှင် ရိုက်ကူးခဲ့မှုအခြေအနေနှင့် လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

ယင်းနောက် နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင် ဦးမင်းသူ၊ မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှု ကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်တို့က နေပြည်တော်တွင် ခေတ်မီရုပ်ရှင် စတူဒီယိုများ တည်ဆောက်နိုင်ရေးအတွက် အားပေးကူညီဆောင်ရွက်မည့် အခြေအနေနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အခွင့်အလမ်းများကို ဆွေးနွေးတင်ပြကြသည်။

ထို့နောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ဥက္ကဋ္ဌ ဦးဇင်ဝိုင်းနှင့် အတွင်းရေးမှူး ဒါရိုက်တာ ဦးညီညီထွန်းလွင်၊ ဒါရိုက်တာ ဦးစင်ရော်မောင်မောင်၊ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်း ဖြစ်)၊ ရုပ်ရှင်ပညာရှင် ဒေါ်ဆွေဇင်ထိုက်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနာယက ဒါရိုက်တာ ပန်းချီဦးစိုးမိုး၊ မင်္ဂလာကုမ္ပဏီလီမိတက် Managing Director နှင့် မင်္ဂလာဇော်ရုပ်ရှင်ထုတ် လုပ်ရေးလုပ်ငန်းရှင် ဦးဇော်မင်း၊ ဇာတ်ညွှန်းပညာရှင် ဦးကိုကိုလေးတို့က ရုပ်ရှင်စတူဒီယိုများ၊ ရုပ်ရှင်ရုံများ၊ ရုပ်ရှင်သင်တန်းကျောင်းများနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးတင်ပြကြသည်။

mdn

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က နိဂုံးချုပ်ပြောကြားရာတွင် နိုင်ငံတော်အစိုးရနှင့် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီတို့မှ မြန်မာ့ရုပ်ရှင်လောကနှင့် ရုပ်ရှင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ချက်များထားရှိပြီး ပွင့်လင်းမြင်သာစွာဖြင့် အစွမ်းကုန် အားပေးကူညီ ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ရုပ်ရှင်လုပ်ငန်းတွင် စိတ်ဝင်စားပြီး ရင်းနှီးမြှုပ်နှံလုပ်ကိုင်လိုသူများအနေဖြင့် ယင်းအခွင့်အလန်းများကို ရယူကာ အကောင် အထည်ဖော် ဆောင်ရွက်ကြမည်ဆိုလျှင် အောင်မြင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ပြည်ပနိုင်ငံများစွာတွင် ရုပ်ရှင်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ယင်းနိုင်ငံများ၏ အမည်ထင်ရှားကျော်ကြားသကဲ့သို့ မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်သည့် နေပြည်တော်တွင်လည်း ခေတ်မီရုပ်ရှင်စတူဒီယိုများ၊ ရုပ်ရှင်သင်တန်းကျောင်းနှင့် ရုပ်ရှင်ရုံများ ပါဝင်သည့် ရုပ်ရှင်နယ်မြေ Entertainment City ပေါ်ထွန်းလာစေရေး ရည်မှန်းချက်ထားရှိပြီး အကောင်အထည် ဖော်နိုင်ရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)