နေပြည်တော်၊ ၁၇ ဇွန်

ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ပညာရေးဝန်ကြီးဌာန၏ Comprehensive University တည်ဆောက်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်၊ ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ နေပြည်တော်ကို အဆင့်မြင့်ပညာရေးမြို့တော် ဖြစ်အောင်တည်ဆောက်မည်ဖြစ်ရာ ပညာရေးဝန်ကြီးဌာန အနေဖြင့် အသုံးချဘာသာရပ်ပေါင်းစုံ သင်ယူလေ့လာနိုင်သောတက္ကသိုလ် (Comprehensive University) စတင် တည်ဆောက်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာအဆင့်မီသင်ကြားရေး၊ စီမံခန့်ခွဲရေးနှင့် သုတေသန အဆောက်အအုံများ၊ စာကြည့်တိုက်၊ စာဖတ်ခန်းမ၊ အပမ်းဖြေရိပ်သာ၊ အားကစားခန်းမ၊ ဆွေးနွေးပွဲခန်းမနှင့် လှပသောမြေယာရှုခင်းများ ပါဝင်မည်ဖြစ်ပါ ကြောင်း၊ အသက်မွေးဝမ်းကျောင်းပညာဒီပလိုမာသင်တန်းများမှသည် ဘွဲ့လွန်သင်တန်း များအထိလည်းကောင်း၊ အသုံးချသုတေသနမှသည် နိုင်ငံတကာဈေးကွက်ဝင် ထုတ်လုပ်မှု အထိ အခြေခံကွန်ပျူတာစနစ်မှသည် မှတ်ဉာဏ်တု၊ Robotics နှင့် နောက်ဆုံးပေါ် အိုင်စီတီဆန်းသစ် တီထွင်မှုများအထိ လည်းကောင်း ဦးတည်သင်ကြားလေ့ကျင့်ပေးသွားမည် ဖြစ်ပါကြောင်းနှင့် ဝိုင်းဝန်းဖြည့်စွက် အကြံပြုဆွေးနွေး ပေးကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က PowerPoint ဖြင့် ရှင်းလင်းဆွေးနွေးသည်။ ယင်းနောက် အစည်းအဝေး တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည် ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)