ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရာသီဥတုက ပူလာပြီဆိုတော့ လူကြီးတွေတောင် အပူဒဏ်ကိုအံတုဖို့ အမျိုးမျိုးကြိုးစားရတာ ကလေးလေးတွေဆို ပိုဆိုးပြီပေါ့။ Hello ဆရာဝန်မှာ ခုတလောအမေးများလာတာက ဘေဘီလေးတွေ မိတ်ပေါက်တာ ဘယ်လိုလုပ်ပေးရမလဲဆိုတာပါပဲ။ နွေမှာ မိတ်ပေါက်တာ သဘာဝပဲဆိုပေမယ့် နုနယ်တဲ့ကလေးလေးမှာတော့ မေမေတို့စိုးရိမ်ကြမှာ သေချာတာပေါ့။
ဒါပေမယ့်မပူပါနဲ့။ ကလေးအရေပြားမှာ အဖုလေးတွေ အစုလိုက်ထွက်လာတာ အသည်းယားစရာ၊ မထိရက်စရာဖြစ်နေပေမယ့် ကလေးတွေမှာ အဖြစ်များတဲ့နွေရာသီအရေပြားပြဿနာတစ်ခုပါပဲ။ တစ်ခါတလေ ရည်ကြည်ဖုသေးသေးလေးတွေလို ဖြစ်နေမယ်၊ အနီဖုလေးတွေဖြစ်နေမယ်။ မိတ်ဖုထွက်ခြင်းက အသက်အရွယ်မရွေးမှာဖြစ်တတ်တဲ့ အရာဖြစ်ပြီး ခန္ဓာကိုယ်မှာ အပူဒဏ်အရမ်းခံနေရတဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ ချိုင်းကြား၊ ပေါင်ကြား၊ လည်ပင်းကြား၊ တံတောင်ဆစ်ကြားတို့လို ကလေးရဲ့ အရေပြားအတွန့်အခေါက်လေးတွေကြားမှာရော၊ ရင်ဘတ်၊ ဗိုက်၊ တင်ပါး တို့အပြင် ဦးရေပြားမှာပါ မိတ်ပေါက်တတ်ပါတယ်။
ဘာလို့ မိတ်ပေါက်တာလဲ
ကလေးရဲ့ခန္ဓာကိုယ်မှာ ချွေးဂလင်းတွေပိတ်ဆို့နေတဲ့အတွက် ဖြစ်ပေါ်လာတဲ့ချွေးတွေက အရေပြားမျက်နှာပြင်ထိ မထွက်လာတော့ဘဲ ချွေးငုပ်သွားပါတယ်။ မိတ်ဖုထွက်ခြင်းက ဒီအခြေအနေကို ခန္ဓာကိုယ်က တုံ့ပြန်လိုက်တဲ့ လက္ခဏာပါ။မိတ်ထွက်တဲ့အခါ ကုတ်ချင်လာအောင် ယားတာ၊ စပ်တာလေးတွေခံစားရနိုင်ပါတယ်။ ဘာလို့မိတ်ပေါက်လဲဆို အပူဒဏ်ခံရတာများလာလို့ပါ။ ကလေးတွေရဲ့အရေပြားမှာ လူကြီးတွေထက် ချွေးပေါက်ပိုကျဉ်းတာမို့လို့ မိတ်ပိုထွက်လွယ်ပါတယ်။
စိတ်ပူရလား
စိတ်ပူရတဲ့ရောဂါလက္ခဏာမဟုတ်ပါဘူး။ ကလေးရဲ့ခန္ဓာကိုယ်မှာ ပူအိုက်နေတဲ့လက္ခဏာပါ။ ဒါပေမယ့် အပူလွန်ကဲမှုကြောင့် ကလေးမှာဖြစ်လာတဲ့ တခြားလက္ခဏာတွေကိုတော့ သတိထားသင့်ပါတယ်။
ဘယ်လိုသက်သာအောင်လုပ်ပေးမလဲ
အေးအောင်ထားပါ – ချောင်ချောင်ချိချိ အဝတ်အစားပဲဆင်ပေးပါ။ အေးတဲ့နေရာမှာ နေစေပါ။ နေပူထဲခေါ်မသွားပါနဲ့။ ကလေးကို အပူရှိန်တိုက်ရိုက်မထိအောင် အေးမြအောင်ထားပေးပါ။ အဲကွန်းသို့မဟုတ် ပန်ကာတော့ တိုက်ရိုက်မထိပါစေနဲ့။
မိတ်ဖုတွေကို မပေါက်ပါစေနဲ့ – ရေချိုးပြီးလို့ သုတ်ပေးရင်တောင် တဘက်နဲ့ပွတ်မသုတ်ပါနဲ့။ မိတ်ဖုလေးတွေပေါက်ပြဲကုန်ရင် ကလေးအရေပြားမှာ အဖတ်လန်တာ၊ အနာဖြစ်တာတွေဖြစ်လာနိုင်ပါတယ်။ ဆရာဝန်နဲ့မတိုင်ပင်ဘဲ တခြားလူးဆေးအဆီတွေ မလူးပါနဲ့။ ပိုဆိုးစေနိုင်ပါတယ်။
အရေပြားကို လေဝင်လေထွက် ထိတွေ့နိုင်အောင်ထားပါ – ကလေးအရေပြားကို တတ်နိုင်သလောက် လေနဲ့ထိတွေ့မှုများအောင် ထားပါ။ အဝတ်အစားပွပွဝတ်ပေးတာ၊ ပါးပါးဝတ်ပေးတာ၊ နူးညံ့တဲ့ချည်သားလေးတွေဝတ်ပေးတာမျိုး။
ကလေးလက်သည်းတွေ တိပေးထားပါ – လက်သည်းညှပ်ပေးထားလည်း လက်သည်းအစွန်းတွေ၊ စောင်းတွေနဲ့ဆို ကလေးကမိတ်ယားလို့ကုတ်လိုက်ရင် အရေပြားပေါက်ပြဲစေနိုင်ပါတယ်။ ဒါ့ကြောင့် လက်သည်းလေးတွေကို အဖျားတိပေးထားပါ။
ကြိုတင်ကာကွယ်ဖို့ဆိုရင်
- ကလေးကို နေပူထဲသိပ်ခေါ်မသွားပါနဲ့။
- ရာသီဥတုပူနေချိန်မှာ အဝတ်အစားထူထူမဝတ်ပေးပါနဲ့။ ပေါ့ပေါ့ပါးပါးအေးတာလေးပဲဆင်ပါ။
- တတ်နိုင်သလောက် အေးတဲ့နေရာမှာထားပါ။ လေအေးပေးစက် ဒါမှမဟုတ် ပန်ကာကို ကလေးနဲ့ဦးတည်ချက်လွှဲပြီး အခန်းထဲ အေးအောင်ထားပေးပါ။ အပြင်သွားရမယ်ဆိုရင်တောင် အရိပ်ရတဲ့နေရာမှာ နေပါ။
- ကလေးကိုသိပ်တဲ့အခါ အေးပြီး လေဝင်လေထွက်ကောင်းတဲ့နေရာမှာ ထားပါ။
- နို့ဖြစ်ဖြစ်၊ ရေဖြစ်ဖြစ် အသက်အရွယ်အလိုက် ကလေးကို ရေဓာတ်လုံလောက်အောင် တိုက်ကျွေးပါ။
- လည်ပင်း၊ပေါင်ကြားတို့လို ကြားဧရိယာတွေမှာ ချွေးစို့၊ စိုစွတ်နေလေ့ရှိလို့အရေပြားမလောင်အောင် wet tissue လေးနဲ့ ဂရုတစိုက် တို့သုတ်ပေးပါ။ လိုအပ်လာရင် ရေအေးလေးနဲ့ ဆေးကြောပေးပြီး သူ့ဘာသာခြောက်သွေ့အောင် လေသလပ်ထားပေးပါ။
- ကလေးမှာ ပူအိုက်မှုလွန်ကဲနေလား မကြာမကြာစစ်ဆေးပေးပါ။ ကလေးအသားကို လက်နဲ့စမ်းကြည့်ပါ။ ပူနေလား၊ ချွေးတွေထွက်နေလား သိရမှ ချွေးထွက်မလွန်အောင်တစ်မျိုး၊ ချွေးငုပ်ပြီးပူနေရင်တစ်မျိုး လိုသလိုပြုစုစောင့်ရှောက်ရမှာဖြစ်ပါတယ်။
- ညဘက်အိပ်တဲ့အခါ ပူအိုက်ရင် ပန်ကာ သို့မဟုတ် လေအေးပေးစက်နဲ့ တိုက်ရိုက်မထိတဲ့နေရာမှာ ထားရပါမယ်။ ကလေးဆီကို လေအေးလေးတွေ ဝေ့ဝိုက်ရောက်ရှိစေဖို့ပါ။ ဒါမှ သက်တောင့်သက်သာနဲ့ ကလေးကို အေးမြစေမှာဖြစ်ပါတယ်။
ဆရာဝန်ပြသင့်လား
ကလေးရဲ့အရေပြားပြဿနာက မိတ်ဟုတ်မဟုတ် မသေချာတော့ဘူးဆိုရင်၊ ဥပမာ ဖျားတာလိုမျိုး တခြားလက္ခဏာတွေဖြစ်လာရင်တော့ ဆရာဝန်ပြတာကောင်းပါတယ်။ မိတ်က ရက်အတော်ကြာလာတဲ့အထိ မှေးမှိန်မလျော့သွားဘူးဆိုရင်၊ ပိုဆိုးလာတယ်ဆိုရင် မိတ်မဟုတ်တဲ့ တခြားရောဂါတစ်ခုခုရဲ့လက္ခဏာဖြစ်နေနိုင်လို့ပါ။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”