၂ မတ်

 

ဟူး…… ပူလိုက်တာနော်။ အေးအေးလေးတစ်ခုလောက် သောက်ချင်တယ်။ အချိုရည်တွေလည်း မသောက်ချင်ဘူး။ သောက်လိုက်ရင် ရင်ထဲအေးသွားပြီး ခံတွင်းရှင်းစေတဲ့ ချိုချိုအေးအေးလေး သောက်ချင်တယ်ဆိုတဲ့ Hello ဆရာဝန်ပရိသတ်ကြီးများရှိလား။ ဒါဆိုရင်တော့ နွေပူပူမှာ ကျန်းမာရေး အတွက်လည်း အထောက်အကူပြု အရသာလည်းရှိတဲ့ဖျော်ရည်လေးတွေ အကြောင်းပြောပြမယ်နော်။

 

နွေရာသီမှာ ရင်အေးစေမယ့် သဘာဝဖျော်ရည်တွေ

 

သံပရာရည်

 

သွေးတိုးကျစေနိုင်သလို အမောလည်းပြေစေပါတယ်နွေအပူကြောင့်ခေါင်းမူးခေါင်းကိုက်ဖြစ်တာကို ပါသက်သာစေမှာပါ။ သံပရာသီးစစ်စစ်လေးကို သကြား၊ဆား၊ သောက်ရေအေးအေးလေးနဲ့ ဖျော်လိုက်ရုံပါ။ ဗီတာမင် စီ (ဗီတာမင် C) ပါဝင်တာကြောင့် ကိုယ်ခံအားကောင်းစေမှာပါနော်။

 

ဖရဲသီးဖျော်ရည်

 

နွေရာသီနဲ့ အသင့်တော်ဖျော်ရည်လေးတစ်ခုပေါ့။ ကိုယ်တွင်းအဆိပ်အတောက်တွေကိုတောင် ဖယ်ရှား ပေးနိုင်ပါသေးတယ်နော်။ ဒါကြောင့် ဖရဲသီးကို သကြားလေးနဲ့ခေါက်ဖျော်ပြီး အေးအေးလေး သောက်ပေးနော်။ ဆီးချိုရှိသူတွေအတွက်လည်း သင့်တော်တဲ့ဖျော်ရည်လေးတစ်ခုပါ။ ဆီးချို ရှိတယ်ဆိုရင်တော့ အချိုလျှော့ပေါ့နော်။

 

သရက်သီးဖျော်ရည်

 

သရက်သီးမှည့်လေးကို ကြိတ်ခြေပြီး သစ်သီးဖျော်ရည် စစ်စစ်လေးသောက်ပေးတာကလည်းနွေရာသီနဲ့ သင့်တော်တဲ့ ဓါတ်စာစ်ခုပါ။ အသားအရေကို ကျန်းမာစေသလို သွေးတွင်းကို လက်စထရောကို ကျစေပြီး ကင်ဆာတိုက်ဖျက်ပေးနိုင်စွမ်းလည်းရှိပါတယ်။

 

သင်္ဘောသီး ဖျော်ရည်

 

ပင်မှည့် သင်္ဘောသီးစစ်စစ်လေးကို သကြားနည်းနည်း ဆားနည်းနည်းနဲ့ ခေါက်ဖျော်ပြီး သောက်ပေးတာက ရင်အေးစေသလို ဝမ်းမှန်စေဖို့လည်း အထောက်အကူပြုပါတယ်။ ကလေးကစလို့ လူကြီးတွေအထိသောက်သုံးလို့ရပါတယ်နော်။

 

လိမ္မော်သီးဖျော်ရည်

 

လိမ္မော်သီး လတ်လတ်ဆတ်ဆတ်လေးကို အရည်ညှစ်လို့သောက်သုံးပေးမယ်ဆိုရင် သွေးတိုး ကျစေနိုင်သလို သွေးတွင်းကိုလက်စထရောကိုလည်း ကျစေမှာပါ။ ကိုယ်ခံအားလည်း ကောင်းစေလို့ နွေပူပူမှာ အမောပြေစေမှာ အသေအချာပါနော်။

 

ကြံရည်

 

နွေရာသီရဲ့ trademark တစ်ခုပါ ခန္ဓါကိုယ်ကို အင်အားတိုးစေနိုင်တာကြောင့် နွေရာသီမှာ ကြံရည်ထက်ကောင်းတဲ့ ဖျော်ရည်က မရှိသလောက်ပါ။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ် နဲ့ ဂလူးကို့စ်တို့ ကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓါကိုယ်ကို ရေဓါတ်ဖြည့်ပေးပြီး ကျန်းမာအောင်လုပ်ဆောင်ပေးနိုင်မှာပါနော်။

 

အုန်းစိမ်းရည်

 

သဘာဝရဲ့ ဖျော်ရည်စစ်စစ်တစ်ခုပါ။ နွေအပူဒဏ်ကြောင့်ဖြစ်တဲ့ ရောဂါတော်တော်များများကို ကာကွယ် ပေးနိုင်ပါတယ်။ ကိုယ်ခံအားကို ကောင်းစေသလို အသားအရေကို ကြည်လင်စေမှာပါ။

 

စတော်ဘယ်ရီဖျော်ရည်

 

အရသာလည်းရှိ၊ စိတ်ကျေနပ်မှုလည်းရစေတဲ့ နွေလယ်သောက်စရာလေးတစ်ခုပါနော်။ ဗီတာမင်စီ (ဗီတာမင် C) ကြွယ်ဝစွာပါဝင်သလို အမျှင်ဓါတ်နဲ့ ဓါတ်တိုးဆန့်ကျင် ပစ္စည်းတွေကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကျန်းမာရေးအတွက် အထောက်အကူပြုပေးနိုင်မှာပါနော်။

 

ခရမ်းချဉ်သီးဖျော်ရည်

 

နွေပူပူမှာ ခရမ်းချဉ်သီးဖျော်ရည်လေးသောက်ရတာကလည်း ခံတွင်းရှင်းပြီးခေါင်းကြည်စေပါတယ်နော်။ အပူဒဏ်ကြောင့် မဲသွားတဲ့ အသားအရေတွအတွက်လည်း အားဖြည့်ပြီးသားဖြစ်တာပေါ့။ ရေဓါတ်ဖြည့် ပေးတဲ့အပြင် ကိုယ်တွင်းက အဆိပ်အတောက်တွေပါဖယ်ရှားပေးသေးတယ်ဆိုတော့ ဘယ်လောက် တောင် အဆင်ပြေလိုက်လဲနော်။

 

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”