နွေရာသီ အခြေခံ အားကစား သင်တန်းဆင်းပွဲ ကျင်းပ

ပြင်ဦးလွင် ၁ မတ်  


မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ခရိုင်/မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီ (အခြေခံ) အားကစား သင်တန်းဆင်းပွဲကို ယနေ့နံနက် (၈:၃၀) နာရီက ပြင်ဦးလွင်ခရိုင် အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ အားကစားနည်းအလိုက် ဆပ်ကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ သင်တန်းနည်းပြ ဆရာ/ဆရာမများ၊ သင်တန်းသား/သင်တန်းသူ လူငယ် မောင်မယ်များ၊  အားကစားဝါသနာရှင် ပြည်သူများ တက်ရောက်ကြသည်။  

 

1


ရှေးဦးစွာ ဒု-ခရိုင်ပညာရေးမှူး ဦးအုံးလှိုင် မှ အဖွင့်အမှာစကား ပြောကြားပြီး  ခရိုင်အားကစားမှူး ဦးကျော်သူဆွေမှ နွေရာသီ အခြေခံ အားကစား သင်တန်းများကို ဖွင့်လှစ်ပေးခြင်းဖြင့် လူငယ်မောင်မယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ပြီး  အားကစား အသိစိတ်ဓါတ်များ ပိုမိုသက်ဝင်ယုံကြည်ကာ ကာယ၊ ဉာဏ၊ စရိတ္တဘတ်စုံဖွံ့ဖြိုးတိုးတက်လာစေရေး၊ မိမိဝါသနာပါရာ အားကစားနည်းများကို လေ့ကျင့်လိုက်စားစေခြင်းဖြင့် အမျိုးသား အားကစား အဆင့်အတန်း တိုးတက်မြင့်မား လာစေရေး၊ နွေရာသီ အခြေခံအားကစားသင်တန်းများမှ ဗီဇပါရမီ ရင့်သန်၍ အောင်မြင်မှု အလားအလာရှိသော ရွက်ပုံးသီး မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွက်လာပြီး ဆက်လက်လေ့ကျင့် ပေးသွားနိုင်ရေး၊ ကျောင်းသား၊ ကျောင်းသူများ နွေရာသီအားလပ်ရက်ကို အကျိုးရှိစွာ အသုံးချတက်နိုင်စေရေးစတဲ့ ရည်ရွယ်ချက်များနှင့် ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။    


အဆိုပါသင်တန်းတွင် တိုက်ကွမ်ဒို၊ ကရာတေးဒို၊ မြန်မာသိုင်း၊ အိုက်ကီဒို၊ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ တင်းနစ်၊ စားပွဲတင်တင်းနစ်၊ စစ်တုရင်၊ ကြက်တောင်၊ Myanmar  Fitness  Dance စသည့် အားကစားနည်း (၁၁) မျိုးကို ဖေဖော်ဝါရီ ၁၆ ရက်နေ့မှ မတ် ၁  ရက်နေ့အထိ သင်တန်းသားဦးရေ  ၃၀ဝ  ခန့် အား လက်တွေ့သင်ကြားပို့ချခဲ့ရာ ဆုများရရှိကြသော  အားကစားသမားများကို တာဝန်ရှိသူများမှ ဆုငွေ၊ ဆုဖလားတို့ဖြင့် အသီးသီးဆုများချီးမြှင့်ခဲ့ပြီး  အားကစားနည်းအလိုက် အားကစားသမားများမှ သရုပ်ပြသခဲ့ကြောင်း သိရသည်။


ဇော်မျိုးထိုက် (ပြင်ဦးလွင်)