နွေရာသီ အခြေခံအားကစား သင်တန်းဆင်းပွဲ စစ်တွေမြို့၌ ကျင်းပ

စစ်တွေ   ၂၉  မတ်

 

ရခိုင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပြည်နယ် အားကစားဆပ်ကော်မတီတို့ ပူးပေါင်းပြီး ကျင်းပသော နွေရာသီ အခြေခံအားကစားသင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉ နာရီတွင် စစ်တွေမြို့ ဓညဝတီအားကစားရုံ၌ ကျင်းပခဲ့သည်။ 

 

သင်တန်းဆင်းပွဲတွင် ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက ယခုသင်တန်းသည် အမျိုးသား အားကစား အဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် အောင်မြင့်မှုများ ရရှိရေးအတွက် ဇွဲ၊ လုံ့လ၊ ဝိရိယ၊ အားမာန်အပြည့်ရှိပြီး ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် အားကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွန်းလာစေရေး၊ အခြေခံ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ နွေရာသီအားလပ်ရက်များအား အားကစားသင်တန်းကို တက်ရောက် စေခြင်းဖြင့် အားကစားကိုပိုမိုစိတ်ပါ ဝင်စားလာစေရန်၊ အားကစားလိုက်စားပြီး မူးယစ်ဆေးဝါးကို ရှောင်ရှား တတ်လာစေရန် ရည်ရွယ်ဖွင့်လှစ်သော သင်တန်းဖြစ်ကြောင်း၊ သင်တန်းသား သင်တန်းသူများကလည်း သင်တန်းမှ ရရှိသည့် နည်းစနစ်ကျွမ်းကျင်မှုများကို အခြေခံကာ အဆင့်မြင့် အားကစားပညာရပ်များကို ဆက်လက်လေ့လာ လိုက်စားကြပြီး ပြည်နယ်လက်ရွေးစင်မှ နိုင်ငံ့ကိုယ်စားပြု နိုင်ငံဂုဏ်ဆောင် အားကစားသမားကောင်းများ ဖြစ်လာအောင် ဆက်လက်ကြိုးစား သင်ယူသွားကြရန် ပြောကြားသည်။

 

ထို့နောက် သင်တန်းဆင်းလက်မှတ်များကို ပြည်နယ် လူမှုရေးဝန်ကြီးနှင့် စစ်တွေတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဝင်းနိုင်တို့က ပေးအပ်ကြပြီး သရုပ်ပြသကြသည့် အားကစားအဖွဲ့များကို ကွန်ပျူတာတက္ကသိုလ် ကျောင်းအုပ်ကြီး၊ နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး၊ ပြည်နယ်ပညာရေးမှူးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးတို့က ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကြသည်။

 

နွေရာသီ အခြေခံအားကစားသင်တန်းကို ဖေဖော်ဝါရီ ၂၅ ရက်နေ့မှ မတ်၂၉ ရက်ထိ ဖွင့်လှစ်ခဲ့ပြီး ဘောလုံး၊ ဘော်လီဘော၊ ပြေးခုန်ပစ်၊ သိုင်း၊ တိုက်ကွမ်ဒို၊ ကရာတေးဒို၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ ဘတ်စကစ်ဘောနှင့် အေရိုးဗစ် စသည့် အားကစား ၁၀ မျိုးကို သင်ကြားပေးခဲ့ရာ သင်တန်းသား သင်တန်းသူ ၉၉၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်)