ရန်ကုန် ၁၇ မတ်
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားအဖွဲ့ချုပ်များ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီ အားကစားသင်တန်းများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးဖွင့်လှစ်သည့် နွေရာသီဘောလုံးသင်တန်းများကို ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့် ရပ်နားထားကြောင်း သိရသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် နွေရာသီအခြေခံ ဘောလုံးသင်တန်းများကို ရန်ကုန်၊ မန္တလေးနှင့် ပုသိမ်မြို့တို့၌ မတ် ၁၀ ရက်မှ ဧပြီ ၁၀ ရက်အထိ ဖွင့်လှစ်ရန် စီစဉ်ထားသော်လည်း သင်တန်းဖွင့်ခါနီး ရက်ပိုင်းအလိုမှပင် ရပ်နားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် နွေရာသီဘောလုံး သင်တန်းအပြင် အာရှဘောလုံးအဖွဲ့ချုပ်၏ AFC Women Football Day အစီအစဉ်နှင့် မြို့နယ် ၁၀၀ တွင် ဖွင့်လှစ်မည့် ဘောလုံးသင်တန်းများကိုပါ ရပ်နားခဲ့ခြင်းဖြစ်သည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားအဖွဲ့ချုပ်များ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအားကစားသင်တန်းများကိုလည်း မတ် ၁၃ ရက်မှစတင်ကာ ရပ်နားခဲ့သည်။ အားကစားအဖွဲ့ချုပ်များ ဖွင့်လှစ်သည့် နွေရာသီအားကစားသင်တန်းကို ရန်ကုန်မြို့၌ ဖွင့်လှစ်နေခြင်းဖြစ်ပြီး အားကစားနည်း ၂၈ မျိုးပါဝင်ကြောင်း သိရသည်။
အချို့အားကစားနည်းများမှာ ဖွင့်လှစ်နေပြီဖြစ်သောကြောင့် ရပ်နားခဲ့ရသလို ဖွင့်လှစ်ရန် စီစဉ်နေသည့် အားကစားနည်းများကိုလည်း ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။ ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာနနှင့် အားကစားအဖွဲ့ချုပ်များ ပူးပေါင်း၍ နွေရာသီအားကစားသင်တန်းများအဖြစ် ပြေးခုန်ပစ်၊ ဘတ်စကက်ဘော၊ ရေကူး၊ ဘောလုံး၊ ဘော်လီဘော၊ တိုက်ကွမ်ဒို၊ ကရာတေး၊ ဝူရှူး၊ မြန်မာ့သိုင်း၊ ရိုးရာလက်ဝှေ့၊ လက်ဝှေ့၊ စားပွဲတင်တင်းနစ်၊ ကျွမ်းဘား၊ မသန်စွမ်း၊ အလေးမ၊ ခြင်းလုံး၊ မြားပစ်၊ ဘိုးလင်း၊ အေရိုးဗစ်၊ ရွက်လှေ၊ Sambo၊ ဟော်ကီ၊ လှေလှော်၊ တင်းနစ်၊ ကြက်တောင်၊ သေနတ်ပစ်၊ ခရစ်ကတ် နှင့် ဂျူဒို အားကစားနည်းများ ဖွင့်လှစ်နေခြင်းဖြစ်သည်။
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ဖွင့်လှစ်ရန် စီစဉ်ထားသည့် နွေရာသီအားကစားသင်တန်းများကိုလည်း ရပ်နားထားကြောင်း သိရသည်။
သတင်း-ရဲရင့်ရှိုင်း


