ရန်ကုန်  ၂  မတ်

 

၂၀၁၉ ခုနှစ်၊ နွေရာသီအခြေခံနှင့် အဆင့်မြင့်ကျွမ်းဘား အားကစားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်းရှိ ကျွမ်းဘားလေ့ကျင့်ရေးရုံ၌ကျင်းပရာ အားကစားဝန်ကြီးဌာန ဝန်ကြီး(ငြိမ်း) ဦးစိန်ဝင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် နှင့်အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ဒုတိယ ကျောင်းအုပ်ကြီးများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ် အလုပ်အမှုဆောင်များ ရွေးချယ်တင်မြှောက်ရေးကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဒင်၊ ရုပ်ရှင်လုပ်ငန်းဦးဆောင် ညွှန်ကြားရေးမှူး (ငြိမ်း) ဦးတင်ဖေ၊ မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကောင်းဇော်၊ ဒုတိယဥက္ကဋ္ဌ ဦးစိုးဝင်းသန်းနှင့် အမှုဆောင်များ၊ သင်တန်းနည်းပြ ဆရာ/ဆရာမများ၊ သင်တန်းသား/ သင်တန်းသူများတက်ရောက် ကြသည်။

 

ရှေးဦးစွာ မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကောင်းဇော်နှင့် အားကစားဝန်ကြီးဌာန ဝန်ကြီး(ငြိမ်း) ဦးစိန်ဝင်းတို့က ကြိုဆိုနှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ပြီး အားကစားသစ္စာ အဓိဌာန် (၄)ချက်ကို ရွတ်ဆိုခဲ့ကြသည်။

 

ဆက်လက်၍  မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ်မှ ကျွမ်းဘားအားကစားသမားများက မြေပြင်၊ အမြင့်ခုန်ဘား၊ ချိန်ဆဘား၊ နှစ်တန်းဘား၊ သံကွင်းဘား၊ စုပေါင်းကျွမ်းနှင့် စုပေါင်းစွမ်းရည်အက တို့အား အားကစားသရုပ်ပြသခဲ့သည်။ 

 

အဆိုပါ နွေရာသီအခြေခံကျွမ်းဘားသင်တန်းကို သင်တန်းသား/သင်တန်းသူဦးရေ (၁၅၀)ဦးတက်ရောက်ကြရာ မတ်လ(၁)ရက်နေ့မှ ဧပြီလ(၁၀)ရက်နေ့အထိကို အခြေခံဖွင့်လှစ်သွားပြီး ဧပြီလ(၂၂)ရက်နေ့မှ မေလ(၃၀)ရက်နေ့အထိ အဆင့်မြင့်သင်တန်းများကို နံနက်(၁)ကြိမ်၊ ည(၁)ကြိမ် ပိတ်ရက်မရှိသင်တန်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

MDN

 

2.01