ပခုက္ကူ၊ ၁၄ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ဆယ်ပင်ကျေးရွာရှိ ကျေးလက်နေပြည်သူများ နွေရာသီကာလ ရေရှားမှုမရှိဘဲ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာရရှိသုံးစွဲနိုင်ရေးအတွက် မြေသားမိုးလှောင်ရေကန် တူးဖော်ပေးလျက်ရှိကြောင်း သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်၌ တိုင်းဒေသကြီးအစိုးရရန်ပုံငွေ ကျပ် ၁၄ သန်းဖြင့် ပခုက္ကူမြို့နယ်၊ ဆယ်ပင်ကျေးရွာအုပ်စု၊ ဆယ်ပင်ကျေးရွာတွင် အချင်းလေးလက်မ၊ အလျား ပေ ၂၀၀၊ အနံ ၁၅၀ ပေ၊ အနက် ၄ ပေရှိသည့် မြေသားမိုးလှောင်ရေကန် တူးဖော်ခြင်းလုပ်ငန်းအား တင်ဒါအောင်မြင်သည့် ပြည့်စိုးစံကုမ္ပဏီမှ တာဝန်ယူ အကောင်အထည်ဖော်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် လုပ်ငန်းစံချိန်စံညွှန်း အရည်အသွေးများနှင့် ကိုက်ညီစွာ ဆောင်ရွက်ထားမှု ရှိ/မရှိ အခြေအနေတို့ကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပခုက္ကူခရိုင်ဦးစီးမှူး ဦးတင့်ဝေ၊ ပေါက်မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသန့်နှင့် ဝန်ထမ်းများက ဒီဇင်ဘာ ၁၃ ရက် မွန်းလွဲ ၁ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးကြပြီး သတ်မှတ်ကာလအတွင်း လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးဆောင်ရွက်ရေး မှာကြားခဲ့ကြကြောင်း သိရသည်။
အဆိုပါလုပ်ငန်း ပြီးစီးသွားပါက ကျေးရွာရှိ အိမ်ခြေ (၁၇၄)အိမ်၊ လူဦးရေ (၉၆၀)ဦးတို့အတွက် နွေရာသီကာလ ရေရှားပါးမှုမရှိဘဲ သန့်ရှင်းသောသောက်သုံးရေကို ဖူလုံစွာ ရရှိသုံးစွဲနိုင်ကြတော့မည် ဖြစ်ကြောင်း၊ ဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ရေပေးရေးလုပ်ငန်းအဖြစ် စက်ရေတွင်းတူးဖော်ခြင်း၊ မြေသားရေကန်တူးဖော်ခြင်းနှင့် တိုးချဲ့ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ခရိုင်ဦးစီးမှူး ဦးတင့်ဝေက ပြောသည်။
ဆလိုင်းကိုကီး(ပြန်/ဆက်)


