စလင်း ၁၀ ဖေဖော်ဝါရီ
မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသတွင် တည်ရှိသော မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ ကျေးရွာများ၌ လာမည့်နွေရာသီကာလတွင် သောက်သုံးရေရှားပါး ပြတ်လပ်ပါက စလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဇေယျ (ဖုန်းနံပါတ် ၀၉-၂၅၈၂၁၄၄၄၉)၊ ရုံးဖုန်း ၀၆၃-၄၂၄၀၈ ထံသို့ ဖုန်းဖြင့်ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ တင်ပြတောင်းခံနိုင်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
စလင်းမြို့နယ်တွင် ကျေးရွာပေါင်း ၄၁၇ ရွာ၊ အိမ်ခြေ ၅၁၂၈၆၊ လူဦးရေ ၂၃၅၇၈၇ ဦးတို့ နေထိုင်လျက်ရှိပြီး၊ နွေရာသီကာလတွင် သောက်သုံးရေ ရှားပါးပြတ်လပ်မှုများ ပေါ်ပေါက်လာပါက သောက်သုံးရေများ ဖြန့်ဝေပေးနိုင်ရေးအတွက် ၅ ဂါလန်ဆံ့ ရေဘူး (၁၀၀) ဝယ်ယူထားရှိပြီး မလုံလောက်ပါက ရေသယ်ယာဉ်များဖြင့် ကျေးရွာများသို့အရောက် ပေးဝေသွားမည်ဖြစ်ကြောင်း စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဇေယျ ကပြောသည်။
ဆက်လက်၍ အမှန်တကယ်သောက်သုံးရေ ရှားပါးပြတ်လပ်သည့် ကျေးရွာဖြစ်ပါက ဌာနမှရန်ပုံငွေများ တင်ပြတောင်းခံပြီး အဝီစိစက်ရေတွင်း တူးဖော်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးကျော်ဇေယျက ဆက်လက်ပြောပြသည်။
ငြိမ်းသူ(စလင်း)