ဘားအံ ဖေဖော်ဝါရီ ၁၇

နွေရာသီ ကျောင်းအားလပ်ရက်များတွင် အခြေခံ ကွန်ပျူတာသင်တန်း၊ စက်ချုပ်သင်တန်း၊ အိမ်တွင်း လျှပ်စစ်ဝါယာသွယ်တန်းခြင်းနှင့် ဆိုလာတပ်ဆင်ခြင်း သင်တန်းများဖွင့်ပွဲကို ဖေဖော်ဝါရီ ၁၆ ရက်က အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ) နှစ်ထပ်ဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက သင်တန်းသား သင်တန်းသူများ အနေဖြင့် မိမိတို့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများတွင် အကျိုးရှိစွာ ပြန်လည်အသုံးချနိုင်ရေးအတွက် စိတ်ပါဝင်စားစွာဖြင့် တက်တက်ကြွကြွ သင်ယူကြရန်နှင့် သင်တန်းပြီးဆုံးပါက သင်ယူရရှိခဲ့သည့် အသိပညာ၊ အတတ်ပညာနှင့် ကျွမ်းကျင်မှုများကို အသုံးချ၍ မိမိ မိသားစု၊ ရပ်ရွာဒေသ၊ ပြည်နယ်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးအတွက် ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း အမှာစကားပြောကြားသည်။

အားပေးစကားပြောကြား

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အခြေခံ ကွန်ပျူတာသင်တန်း၊ စက်ချုပ်သင်တန်း၊ အိမ်တွင်း လျှပ်စစ်ဝါယာသွယ်တန်းခြင်းနှင့် ဆိုလာတပ်ဆင်ခြင်း သင်တန်းများအတွက် သင်ထောက်ကူပစ္စည်းများကို သင်တန်းသားကိုယ်စားလှယ်များထံ ပေးအပ်ချီးမြှင့်ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြကာ သင်တန်းသား သင်တန်းသူများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားသည်။

ယနေ့ဖွင့်လှစ်သည့် အခြေခံကွန်ပျူတာသင်တန်းတွင် သင်တန်းသား သင်တန်းသူ ၂၀၊ အခြေခံစက်ချုပ် သင်တန်းတွင် သင်တန်းသူ ၂၀၊ အခြေခံအိမ်တွင်း လျှပ်စစ်ဝါယာသွယ်တန်းခြင်းနှင့် ဆိုလာတပ်ဆင် ခြင်းသင်တန်းတွင် သင်တန်းသား ၂၀ စုစုပေါင်း သင်တန်းသား သင်တန်းသူ ၆၀ တက်ရောက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သက်ဆိုင်ရာ သင်တန်းခန်းမများအတွင်း ဘာသာရပ်များအလိုက် ကျွမ်းကျင်သင်တန်းနည်းပြများက စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးနေမှုများကို လိုက်လံကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)