မုံရွာ ၇ ဒီဇင်ဘာ
ချင်းတွင်းမြစ်ကြောင်းတစ်လျောက် နွေရာသီမြစ်ရေနည်းပါးချိန်တွင် ရေယာဉ်များ ဖြတ်သန်းသွားလာမှု ကောင်းမွန်စေရေး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေမှ ငွေကျပ်(၇၃၀)သန်းကို အကုန်အကျခံပြီး ရေလမ်းကောင်းမွန်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရေလမ်းကောင်းမွန်ရေးလုပ်ငန်းများကို နှစ်စဉ်မြစ်ရေနည်းပါးချိန်များတွင် ရေကြောင်းကြပ်တည်းမှု အများဆုံးဖြစ်လေ့ရှိသော ချင်းတွင်းမြစ်ကြောင်းတစ်လျောက်ရှိ နေရာ(၅) ခုတွင် လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဘုန်းကျော်စိန်၏ ပြောကြားချက်အရ သိရသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေကျပ် သန်း(၇၃၀)ဖြင့် လုပ်ဆောင်ပေးမည့် ရေကြောင်းကောင်းမွန်ရေးလုပ်ငန်းများအဖြစ် မော်လိုက်မြို့နယ်အတွင်းရှိ ရိုးလာရေလမ်းကောင်းမွန်ရေးကို ငွေကျပ် (၁၈၀)သန်းဖြင့် လည်းကောင်း၊ မော်လိုက်ရေလမ်းကောင်းမွန်ရေးကို ငွေကျပ်(၁၅၀)သန်းဖြင့် လည်းကောင်း၊ မုံရွာမြို့နယ်အတွင်းရှိ အလုံရေလမ်းကောင်းမွန်ရေးကို ငွေကျပ်(၁၅၀)သန်းဖြင့်လည်းကောင်း၊ မုံရွာရေလမ်းကောင်းမွန်ရေးကို ငွေကျပ်(၁၅၀)သန်းဖြင့် လည်းကောင်း၊ ပေါင်းဝ-အမြင့်ရေလမ်း ကောင်းမွန်ရေးကို ငွေကျပ်သန်း(၁၀ဝ)ဖြင့်လည်းကောင်း အကုန်အကျခံလုပ်ဆောင် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဝင်းဦး (ဇေယျာတိုင်း)