၆ မတ်
နွေရာသီမှာအဖြစ်များတဲ့ရောဂါတွေကို ဘယ်လိုကာကွယ်မလဲ
“ကာကွယ်တာက ကုသတာထက် ပိုကောင်းတယ်” ဆိုတဲ့ ဆိုရိုးလေးအတိုင်း ကိုယ်က ကျန်းမာတယ် ဆိုရင်တောင်မှ နွေရာသီမှာဖြစ်တတ်တဲ့ရောဂါတွေကိုယ်ဆီမဝင်ရောက် လိုအပ်တဲ့ ကြိုတင် ကာကွယ်မှုတွေကို လုပ်ဆောင်ထားသင့်ပါတယ်။ နွေရာသီရဲ့အပူဒဏ် ကြောင့်ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါတွေကို သိရှိပြီး ကာကွယ်နိုင်စေဖို့အတွက်အောက်ပါ အကြောင်းအရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
အပူရှပ်ခြင်း -မြင့်မားတဲ့အပူချိန်နဲ့ အချိန်ကြာမြင့်စွာထိတွေ့တာကြောင့် ကိုယ်ခန္ဓါအပူချိန်မြင့်တက် တာဖြစ်ပါတယ်။ ပုံမှန်မဟုတ်တဲ့ ခန္ဓာကိုယ် အပူချိန်မြင့်တက်မှုကြောင့် ခေါင်းကိုက်တာ၊ မအီမသာဖြစ်တာ၊ ကြွက်တက်တာ၊နှလုံးခုန်မြန်တာနဲ့ အဖျားတက်တာမျိုးတွေ ခံစားရနိုင်ပါတယ်။
အစာအဆိပ်သင့်ခြင်း – အန္တရာယ်ရှိတဲ့ဘက်တီးရီးယားတွေနဲ့ ပိုးမွှားတွေကြောင့်ဖြစ်တဲ့ အစားအသောက်တွေကနေတစ်ဆင့် ကူးစက်တဲ့ ရောဂါဖြစ်ပါတယ်။ ပူနွေးစိုထိုင်းတဲ့ရာသီဥတုက အစာအဆိပ်သင့်စေတဲ့ ပိုးတွေပေါက်ပွားအောင်အထောက်အကူပြုပေးနေပါတယ်။
နေလောင်ခြင်း – ပူပြင်းလှတဲ့နေရောင်ကြောင့် အရေပြားကအနီရောင်ပြောင်းသွားပြီး ယားယံတာတွေ၊ ပူစပ်ပူလောင်ဖြစ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။နေလောင်မှုဒဏ်ကနေ ကင်းဝေးစေဖို့အတွက် နေရောင်အောက်ကို မထွက်ခင် မိနစ် ၂၀ လောက်ကြိုပြီး SPF 30 (သို့) SPF 30 ထက်ပိုတဲ့ နေရောင်ကာလိမ်းဆေး တစ်မျိုးမျိုးလိမ်းပေးပါ။
ရေဓါတ်ခမ်းခြောက်ခြင်း – ခန္ဓါကိုယ်ကဆုံးရှုံးသွားတဲ့ရေပမာဏကို အပြည့်အဝ ပြန်လည် မဖြည့်တင်းနိုင်တဲ့ အခါမျိုးမှာတွေ့ရတဲ့ရောဂါ တစ်မျိုးဖြစ်ပါတယ်။ ရေဓါတ်ခမ်းခြောက် တာကလည်း နွေရာသီမှာ အဖြစ်များတဲ့ပြဿနာတွေထဲက တစ်ခုပါ။နွေရာသီရဲ့ပူပြင်းတဲ့နေရောင်ကြောင့် ချွေးထွက်တဲ့အခါ ခန္ဓါကိုယ်ရဲ့ရေဓါတ်ရော ဆားဓါတ်ပါဆုံးရှုံးပါတယ်။ ခန္ဓါကိုယ်ရဲ့ပုံမှန်လုပ်ငန်းစဉ်တွေ လုပ်ဆောင်နိုင်စေဖို့အတွက် ကုန်ခမ်းသွားတဲ့ ရေဓါတ်နဲ့ ဆားဓါတ်ကို ပြန်လည်ဖြည့်တင်း ပေးဖို့ လိုအပ်ပါတယ်။
တိုက်ဖွိုက် –စိုထိုင်းတဲ့ ပတ်ဝန်းကျင်အခြေအနေကြောင့် လျင်လျင်မြန်မြန်ပေါက်ပွားလာတဲ့ ရောဂါပိုးတစ်မျိုးကြောင့်ဖြစ်ပေါ် ခံစားရတဲ့ပြင်းထန်တဲ့အဖျားရောဂါတစ်မျိုးဖြစ်ပါတယ်။ တိုက်ဖွိုက် ဖြစ်တဲ့အခါ ဗိုက်ထဲကအောင့်တာ၊ ခေါင်းကိုက်တာ၊ ကိုယ်အလေးချိန်ကျဆင်းတာနဲ့ ကိုယ်ထဲမှာ အားမရှိတာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ တွိုက်ဖွိုက်ရောဂါမဖြစ်အောင် ကာကွယ်ဖို့အတွက် သန့်ရှင်းတဲ့ရေကို များများသောက်ပါ၊ အဆီများတဲ့ပြင်ပအစားအစာတွေ စားသုံးတာမျိုးကိုရှောင်ကြဉ်ပါ။ အနီးဝန်းကျင်ကိုသန့်ရှင်းအောင်ထားပါ။
မျက်စိနာခြင်း -မျက်စိနာတာ (သို့) မျက်မြှေးရောင်တာက ဘက်တီးရီးယားကူးစက်တာ (သို့) ဓါတ်မတည့်မှုတွေကြောင့် ဖြစ်ပေါ်ခံစားရတာ ဖြစ်ပါတယ်။ ၄ ရက် ကနေ ၇ ရက်အထိကြာမြင့် နိုင်ပါတယ်။
ရေကျောက်ပေါက်ခြင်း – ပူနွေးတဲ့ရာသီဥတုမှာ ပေါက်ဖွားရှင်သန်နိုင်ပြီး လူအများစုကို ကူးစက် စေနိုင်ပါတယ်။
ဝက်သက်ပေါက်ခြင်း – ဝက်သက်ပေါက်တာက ဗိုင်းရပ်စ်တစ်မျိုးကြောင့်ဖြစ်တဲ့ ကူးစက်တတ်တဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပါတယ်။ ဝက်သက်ရောဂါ ကူးစက်ခံရရင် အဖျားတက်တာ၊ ချောင်းဆိုးတာနဲ့ နှာရည်ယိုတာမျိုးတွေ ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။
ရေကနေတဆင့် ကူးစက်တဲ့ ရောဂါများ – ဝမ်းလျှောတာ၊ ဝမ်းကိုက်တာ၊ ကာလဝမ်းရောဂါနဲ့ တိုက်ဖွိုက်ရောဂါတွေက နွေရာသီမှာ ရေကနေတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ ဖြစ်ပါတယ်။
ခြင်ကိုက်တာကနေတဆင့် ဖြစ်ပေါ်တဲ့ ကူးစက်ရောဂါများ -နွေရာသီမှာ သွေးလွန်တုပ်ကွေးနဲ့ ငှက်ဖျားလိုမျိုး ခြင်ကြောင့်ဖြစ်တဲ့ ရောဂါမျိုးတွေလည်းဖြစ်ပေါ်ခံစားရနိုင်ပါတယ်။
နွေရာသီမှာအဖြစ်များတဲ့ရောဂါတွေကို ကာကွယ်နိုင်မယ့်နည်းလမ်းများ
ရေများသောက်သောက်ပေးပါ။ အိမ်မှာပဲနေနေ၊အပြင်ပဲသွားသွား ခန္ဓါကိုယ်မှာရေဓါတ်ပြည့်ဝနေစေဖို့ အုန်းရည်၊ နို့နဲ့သံပုရာရည်တွေ သောက်သုံးပေးလို့ရပါတယ်။ရေဓါတ်ပြည့်ဝနေစေဖို့ တစ်နေ့ကို ရေဖန်ခွက် ၁၂ ခွက်ထဲမနည်းဂရုစိုက်သောက်သုံးပေးပါ။ အရက်နဲ့ အရက်ပါဝင်နေတဲ့ အရည်တွေ မသောက်ပါနဲ့။
ပွပွချောင်ချောင်နဲ့ သက်တောင့်သက်သာရှိစေမယ့် အရောင်ဖျော့ဖျော့ ချည်ထည် အဝတ်အစားတွေကို ရွေးချယ်ဝတ်ဆင်ပေးပါ။
ခရီးသွားရင်ပဲဖြစ်ဖြစ် အိမ်မှာနေရင်ပဲဖြစ်ဖြစ် လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန် လုပ်တာမျိုးကို ရှောင်ကြဉ်ပါ။ အရိပ်အောက်မှာပဲ သက်တောင့်သက်သာနေပါ။
ပူအိုက်တဲ့ နွေရာသီမှာ ကလေးငယ်လေးတွေကို ကားထဲမှာမထားခဲ့ပါနဲ့။ ကားကိုလည်း အရိပ်ရတဲ့ နေရာရှာပြီး ရပ်နားပါ။
နေရောင်ကြောင့် ဖြစ်ပေါ်ခံစားရတဲ့ နေလောင်ဒဏ်ရာတွေကို သက်သာစေဖို့ ရေခဲဝတ်ကပ်ပေးလို့ရသလို အကိုက်အခဲ ပျောက်ဆေးတွေ အသုံးပြုလို့လည်းရပါတယ်။
လက်ကို တစ်ကိုယ်ရည် သန့်ရှင်းရေးနည်းလမ်းတွေအတိုင်း လိုက်နာပြီး လက်တွေကို သန့်ရှင်းစင်ကြယ်အောင် ဆေးကြောပေးပါ။ အစားအစာတွေကို မကိုင်တွယ်ခင် မချက်ပြုတ်ခင်မှာ အစားအသောက်တွေကနေတဆင့် ကူးစက်တဲ့ရောဂါတွေမဖြစ်အောင် လက်ကို စင်ကြယ်စွာ ဆေးကြောပါ။ အိမ်သာကဆင်းလာတိုင်းလည်း လက်ကိုစင်ကြယ်အောင် ဆေးကြောပေးပါ။
မကျက်တကျက် ချက်ထားတဲ့ အစားအသောက်တွေ၊ လမ်းဘေးမှာ ရောင်းချနေတဲ့ ဖုံးအုပ်မထားတဲ့ အစားအသောက်တွေ စားသုံးတာမျိုးကို ရှောင်ကြဉ်ပါ။ ချဉ်စပ်ပြီး အဆီများတဲ့ အစားအစာတွေကို ရှောင်ပါ။ ဖရဲသီး၊သခွားသီး၊ကြံနဲ့သရက်သီးတွေလိုမျိုး လတ်ဆတ်တဲ့ သစ်သီးတွေကိုစားသုံးပေးပါ။ အလုံးလိုက်ဝယ်ပြီး အိမ်မှာ ကိုယ်တိုင်ခွဲစားတာပိုကောင်းပါတယ်။
အိမ်ထဲကို အပူရှိန်မဝင်ရောင်စေဖို့ အပူရှိန်ပြင်းတဲ့ နေ့လည်ခင်းအချိန်တွေမှာ ပြတင်းတံခါးတွေကို ပိတ်ထားပေးပါ။
မျက်စိ မနာစေဖို့အတွက်နဲ့ ပိုးတွေပြန့်ပွားကူးစက်တာမျိုးမဖြစ်အောင် လက်တွေကို သန့်ရှင်းစင်ကြယ်အောင် ထားပေးပါ။ မျက်လုံးယားယံနာကျင်တာတွေသက်သာစေဖို့ မျက်လုံးထဲကို ရေသန့်ခတ်ပေးနိုင်ပါတယ်။
ခန္ဓါကိုယ်ကနေ ကုန်ခမ်းသွားတဲ့ ရေဓါတ်တွေကို ဖြည့်တင်းနိုင်ဖို့အတွက် ရေကျက်အေးနဲ့ အလွယ်တကူ ဖျော်သောက်နိုင်တဲ့ ဓါတ်ဆားထုတ်လေးတွေဆောင်ထားပေးပါ။
ဂျိုက်သိုး၊ ဝက်သက်နဲ့ ရေကျောက်တို့လိုမျိုး ကူးစက်ရောဂါတွေမဝင်ရောက်စေဖို့ MMR ကာကွယ်ဆေး ထိုးပါ။ ငယ်စဉ်တုန်းက MMR ကာကွယ်ဆေးမထိုးနှံခဲ့ပါက အတတ်နိုင်ဆုံး မြန်မြန်ကာကွယ်ဆေး ထိုးနှံဖို့လိုအပ်ပါတယ်။
ခြင်ကိုက်မခံရစေဖို့ ခြင်နိုင်ဆေးတွေ အသုံးပြုပါ၊ ခြင်ပေါက်ဖွားနိုင်တဲ့ နေရာတွေကို မသွားပါနဲ့။
အရေပြားကို နေလောင်ခံရမှုကနေ ကာကွယ်ဖို့ အနည်းဆုံး SPF 15 ပါဝင်တဲ့ နေရောင်ကာလိမ်းဆေးတွေ လူးပေးပါ။
နေ့လည်ခင်းကနေ ညနေ ၃ နာရီအတွင်းနေရောင်နဲပထိတွေ့မှုကို တတ်နိုင်သမျှရှောင်ပါ။
အပြင်ထွက်ရင်ပဲဖြစ်ဖြစ်ဖြစ် ခရီးသွားရင်ပဲဖြစ်ဖြစ်နေရောင်ထိတွေ့မှုကနေကာကွယ်နိုင်ဖို့ ဦးထုပ်၊ နေကာမျက်မှန်တွေကို ဝတ်ဆင်ပြီး မျက်နှာအသားအရေကို ခရမ်းလွန်ရောင်ခြည်တွေ ထိတွေ့မှုကနေ ကာကွယ်ပါ။
လူထူတဲ့နေရာတွေကို မသွားပါနဲ့။
နွေရာသီဟာ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ ပျော်ပွဲစားထွက်ရင်း ပျော်ရွှင်စရာကောင်းတဲ့ အချိန်တွေကို ဖန်တီးနိုင်ဖို့ အကောင်းဆုံးသော ရာသီဉတုတစ်ခုဖြစ်ပါတယ်။ အထက်ဖော်ပြပါအချက်လေးတွေကို ကျင့်သုံးလိုက်နာမယ်ဆိုရင် မိသားစုတွေနဲ့ပျော်ရွှင်စရာကောင်းတဲ့ နွေရာသီကို ဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။
ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”