မောင်သောင်းဝင်း (တမန်ဟောင်း)

 

ကျေးဇူးရှင်ဆရာတော်ကြီး ဓမ္မဒူတ အရှင်ဆေကိန္ဒသည် နှစ်စဉ်နွေရာသီကျောင်းပိတ်ရက်တွင် နေပြည်တော်ရှိ ဗုဒ္ဓဂယာ၌ ဖွင့်လှစ်သည့် ယဉ်ကျေးလိမ္မာသင်တန်းများသို့ လာရောက်၍ တရားရေအေးတိုက်ကျွေးလေ့ရှိသည်။ ထိုသင်တန်းသည် နေပြည်တော်ကောင်စီနယ်မြေရှိ ကျောင်းသူ ကျောင်းသားများအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းပင် ဖြစ်သည်။ သို့သော် ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုများကြောင့် ၂၀၂၀ ပြည့် နှစ်မှစ၍ ယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်နိုင်ခြင်းမရှိခဲ့ပေ။ လက်ရှိအချိန်တွင် ကျန်းမာရေးဝန်ကြီးဌာနက လူစုဝေးခွင့်ကန့်သတ်ချက်များ ဖြေလျှော့ပေးထားပြီဖြစ်၍ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသူ ကျောင်းသားများအတွက် ယဉ်ကျေးလိမ္မာသင်တန်းများ ပြန်လည်ဖွင့်လှစ်နိုင် မည်ဆိုလျှင် အတိုင်းထက် အလွန်ပင်ဖြစ်သည်။

 

လူတော်လူကောင်းများဖြစ်စေလို

 

ဆရာတော် အရှင်ဆေကိန္ဒသည် သတ္တဝါများအပေါ် မေတ္တာတရားကြီးမားလှပေသည်။ အထူးသဖြင့် ကလေးများကို လူတော်လူကောင်းလေးများ ဖြစ်စေလိုသည်။ မူလကတည်းက စိတ်ထားနူးညံ့သည့် ကလေးများကို ပိုမိုယဉ်ကျေးလိမ္မာလာအောင် ဟောကြားဆုံးမတော်မူလေ့ရှိသည်။ အထူးသဖြင့် ရတနာသုံးပါးကို ရိုသေကိုင်းရှိုင်းရန်၊ အနန္တော အနန္တငါးပါး၏ ဂုဏ်ကျေးဇူးကိုသိတတ်စေရန်၊ မိဘ၊ ဆရာသမားများအပေါ် ကျေးဇူးသိတတ်စေရန်၊ ပေါင်းသင်းဆက်ဆံတတ်စေရန်၊ သန့်ရှင်းသပ်ရပ်စွာနေထိုင်တတ်စေရန် အလေးထား ဆုံးမသင်ကြားလေ့ရှိသည်။ ကလေးများသည် သင်တန်းကာလ အတွင်း ရှစ်ပါးသီလခံယူခြင်း၊ တရားတော်များ နာယူခြင်း၊ ဘုရားရှိခိုးခြင်း၊ တရားထိုင်ခြင်း၊ ရိပ်သာဆောင်များ သန့်ရှင်းရေးလုပ်ခြင်း၊ သံဝေဇနိယလေးဌာနသို့ ဘုရားဖူးသွားခြင်း စသည့် ကောင်းကျိုးများစွာဖြစ်စေသည့် ပြုမူနေထိုင်မှုပုံစံ များဖြင့်သာ ဖြတ်သန်းလေ့ရှိကြသည်။

 

မကြာမီ နွေရာသီကျောင်းပိတ်ရက်ကုန်ဆုံး၍ အခြေခံကျောင်းများ ပြန်ဖွင့်တော့မည်ဖြစ်သည်။ နွေရာသီတွင် ကလေးများသည် သင်တန်းတစ်ခုခုတော့ တက်ခဲ့ကြမည်ထင်ပါသည်။ နွေရာသီတွင် ရပ်ကွက်၊ ကျေးရွာ၊ ရုံး၊ ဌာနအလိုက် အင်္ဂလိပ်စာ၊ ကွန်ပျူတာ၊ အားကစား၊ ရှေးဦးသူနာပြု၊ ယဉ်ကျေး လိမ္မာစသည့် သင်တန်းပေါင်းစုံ ဖွင့်လေ့ရှိကြသည်။ ထိုသင်တန်းများအနက် လက်တွေ့အကျိုးဖြစ်မည့် သင်တန်းတစ်ခုခုကို တက်ခဲ့မည်ဆိုလျှင် အနာဂတ် ဘ၀ခရီးလမ်းတွင် အတိုင်းအတာတစ်ခုအထိ အကျိုးဖြစ်နေမည်ဖြစ်သည်။

 

ယဉ်ကျေးလိမ္မာသင်တန်းများ

 

မြန်မာနိုင်ငံတစ်ဝန်းတွင် နှစ်စဉ်နွေရာသီ ကျောင်းပိတ်ရက်ကာလများ၌ ယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလေ့ရှိသည်။ ပရဟိတစိတ်ဓာတ်ရှိသော ဆရာတော်၊ သံဃာတော်များ၊ ကျောင်းဆရာ ဆရာမများက အသပြာမယူဘဲ စေတနာဖြင့် အခမဲ့သင်ကြားပေးလေ့ရှိသည်။ ထိုသင်တန်းများတက်ခြင်းဖြင့် ကလေးများသည် တန်ဖိုးမဖြတ်နိုင်သော အကျိုးများစွာကို ရရှိစေသည်။

 

ဓမ္မဒူတအရှင်ဆေကိန္ဒ၏ကျောင်းတွင် နွေရာသီ ကျောင်းပိတ်ရက်ကာလ၌ ယဉ်ကျေးလိမ္မာသင်တန်း တက်ရောက်နေသော ကလေးများစွာကို တွေ့ရမည်ဖြစ်သည်။ ထိုကျောင်းသို့ ရောက်ရှိလာသည့် ကလေးများသည် မိဘများ အတင်းတိုက်တွန်း၍ တက်ကြသည်မဟုတ်ပေ။ ကလေးများကိုယ်တိုင်က လိုလိုချင်ချင်ဖြင့် တက်ရောက်ကြခြင်းဖြစ်သည်။

 

လူမျိုးတိုင်းတွင် သက်ဆိုင်ရာယုံကြည် ကိုးကွယ်မှုများရှိကြသည်။ ဘာသာတရား၏ အဆုံးအမများလည်းရှိကြသည်။ ထိုသို့ဘာသာ တရား၏အဆုံးအမများအတိုင်းသာ လိုက်နာကျင့်ကြံနေထိုင်မည်ဆိုလျှင် လောကကြီးသည် အေးချမ်းနေမည်ဖြစ်သည်။ ယဉ်ကျေးလိမ္မာ သင်တန်းသည်လည်း မြန်မာကလေးငယ်များအတွက် လက်တွေ့အကျိုးဖြစ်ထွန်းသော  သင်တန်းတစ်ခုပင်ဖြစ်သည်။ သင်တန်းတွင် ဘုရား၊ တရားနှင့် သံဃာ့ဂုဏ်တော်များ၊ ပရိတ်၊ ပဋ္ဌာန်းများ၊ သီလများ၊ လူ့ကျင့်ဝတ်များစသည့် ဗုဒ္ဓဘာသာဝင်များ သိသင့်သိထိုက်သည်များကို သင်ကြားပေးရာ ထိုသင်တန်းတက်ရောက်ဖူးသည့် ကလေးငယ် တစ်ဦးသည် မြတ်စွာဘုရား၏ ဖြစ်တော်စဉ်၊ အခြေခံ ဗုဒ္ဓဘာသာအကြောင်းတို့ကို ဘာသာရေးအား ထဲထဲဝင်ဝင် သက်ဝင်ယုံကြည်မှုမရှိသော လူကြီးများထက်ပင်ပို၍ သိရှိကြသည်။

 

ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများ

 

ယဉ်ကျေးလိမ္မာသင်တန်းများသည် မြန်မာကလေးများအား ရတနာသုံးပါးကို ကြည်ညိုကိုင်းရှိုင်းတတ်စေရန်၊ အနန္တောအနန္တငါးပါး၏ ဂုဏ်ကျေးဇူးတို့ကိုသိတတ်စေရန်နှင့် လူသားဆန် စွာပြုမူနေထိုင်တတ်စေရန် သင်ကြား ပြသပေးသည့် သင်တန်းများဖြစ်သည်။ အထူးသဖြင့် မိတ်ဆွေများ၊ ညီအစ်ကိုမောင်နှမများ၊ လူကြီးမိဘများ၊ ဆရာ ဆရာမများနှင့် ဆက်ဆံရာတွင် မည်သို့မည်ပုံပြုမူ သင့်သည်ကို သင်ပြပေးခြင်းဖြစ်သည်။ မြတ်စွာဘုရား၏ ဖြစ်တော်စဉ်များမှ ဇာတ်တော်များကို ထုတ်နုတ် ဥပမာများပေးကာ လောကလူ့ရွာကို ကောင်းကျိုးပြုတတ်စေရန် သင်ကြားပေးနေခြင်း ဖြစ်သည်။ တိကျစွာဆိုရလျှင် မည်သည့် နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး ရည်မှန်းချက်မျှ မပါသော အဖြူရောင်သက်သက်မျှသာဖြစ်သည်။

 

ထိုသို့ ယဉ်ကျေးလိမ္မာသင်တန်းတက်ရောက်ဖူးသည့် ကလေးငယ်တစ်ဦးသည် ဘုရားဝတ်ပြုရှိခိုးခြင်း၊ အိပ်ရာမဝင်မီ မိဘများအား ကန်တော့ခြင်းနှင့် ထမင်းမစားမီ မိဘများ၊အသက်အရွယ်ကြီးသူများအား ဦးချပြီးမှသာ စားသောက်ခြင်းကဲ့သို့သော ဝတ္တရားများကို ပြောစရာပင် မလိုတော့ချေ။ အချိန်တန် အရွယ်ရောက်လာသည့် အခါတွင်လည်း ဗုဒ္ဓဘာသာအကြောင်းကို ဘာသာခြားများက မေးမြန်းလာလျှင် ခြေခြေမြစ်မြစ် ရှင်းပြနိုင်မည်ဖြစ်သည်။ တချို့သောသူများသည် အသက်အရွယ်ရလာ သည့်တိုင်အောင် ဗုဒ္ဓဘာသာ၏ အနှစ်သာရကို တခြားသူများ နားလည်သည်အထိ လိပ်ပတ်လည်အောင် ပြောပြနိုင်စွမ်းမရှိကြချေ။ မိမိကိုးကွယ်ရာ ဘာသာကို ငယ်စဉ်က စနစ်တကျ လေ့လာသင်ယူ ကိုးကွယ်ခဲ့ခြင်း မရှိသူများသည် ယောင်ဝါးဝါးသာ ဖြစ်နေမည် ဖြစ်သည်။

 

ယဉ်ကျေးလိမ္မာ သင်တန်းတက်ရောက်ဖူးသည့် ကလေးငယ်တစ်ဦးသည် ကံငါးပါးကိုချိုးဖောက်လျှင် ရရှိမည့်အပြစ်များနှင့် ကံငါးပါးလုံခြုံလျှင်ရရှိမည့် အကျိုးများကိုလည်း သိရှိ၍တတ်နိုင်သမျှ ကံငါးပါးကို လုံခြုံစွာထိန်းသိမ်းကြမည်ဖြစ်သည်။ တိရစ္ဆာန်များကို သတ်ဖြတ်ခြင်းမှရှောင်ကြဉ်လာခြင်း၊ မိဘများကို လိမ်လည်ပြောဆိုခြင်းမှ ရှောင်ကြဉ်လာခြင်း၊ သူတစ်ပါးခွင့်မပြုသည့် ပစ္စည်းများယူရမည်ကို ဝန်လေးလာခြင်းစသည့် အကျိုးများစွာကို ရရှိလာ စေပါသည်။

 

ယဉ်ကျေးလိမ္မာသင်တန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန်

 

ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသည့်အတိုင်း လူငယ်များသည် အနာဂတ်တွင် ကြီးမားသောတာဝန်များကို ထမ်းဆောင်ကြရမည်ဖြစ်သည်။ အထူးသဖြင့် နိုင်ငံခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ တတ်သိ ပညာရှင်ကြီးများ ဖြစ်လာကြမည်ဖြစ်သည်။ ထိုသို့အရေးကြီးသော တာဝန်များကို ထမ်းဆောင်ကြမည့် လူငယ်များကို ငယ်စဉ်ကတည်းက စနစ်တကျပြုစု ပျိုးထောင်သင့်ပေသည်။ ဆိုရလျှင် အခြေခံလူ့ကျင့်ဝတ်များသိရှိအောင် သင်ကြားပြသထားပေး သင့်ပါသည်။

 

စင်စစ်အားဖြင့် မြန်မာနိုင်ငံတွင် လူဖြစ်ရသည့် ကလေးများသည် များစွာကံကောင်းလှပေသည်။ မြတ်ဗုဒ္ဓ၏ တရားတော်များကို နာယူခွင့်ရရှိကြ သည်။ ဓမ္မဒူတအရှင်ဆေကိန္ဒကဲ့သို့ မေတ္တာတရား ကြီးမားသော ဆရာတော်ကြီးများ၏ ယဉ်ကျေး လိမ္မာသင်တန်းများကို တက်ရောက်ခွင့်ရရှိနိုင်ကြသည်။ လူငယ်များသည် ဆရာတော်ကြီး ဆုံးမလမ်းညွှန်ထားသည့်အတိုင်းသာ လိုက်နာကျင့်ကြံ သွားမည်ဆိုလျှင် အနာဂတ်တွင် တိုင်းပြည်အတွက် အားကိုးရသော စာရိတ္တမြင့်မားသည့်မောင်မယ်များ ဖြစ်လာကြမည်ဖြစ်သည်။ ထို့ကြောင့် အနာဂတ်တွင် တိုင်းပြည်တာဝန်ထမ်းဆောင်ကြမည့် မျိုးဆက်သစ် လူငယ်များ မကောင်းမှုရှောင် ကောင်းမှုဆောင်နိုင် စေရန်အတွက် နွေရာသီတွင် ယဉ်ကျေးလိမ္မာ သင်တန်းများ ပုံမှန်အတိုင်းပြန်လည် ဖွင့်လှစ်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းသွားကြပါစို့ဟု တိုက်တွန်းအကြံပြု လိုက်ရပါသည်။ ။