mdn

၂၀ ဇူလိုင်

 

အမေရိကန်ပေါ့ပ်ကြယ်ပွင့် တေလာဆွစ်ကို ဒီရက်ပိုင်းမှာ နယူးယော့ခ်ရဲ့ လမ်းတွေပေါ်မှာ နေ့စဉ်လိုလို တွေ့မြင်ရတာ ဖြစ်ပါတယ်။ ဒီလိုတွေ့ရာမှာလည်း ပေါ့ပ်ကြယ်ပွင့်ဟာ နွေရာသီနဲ့ လိုက်ဖက်တဲ့ ပြင်ဆင်မှုတွေနဲ့ လှနေတာကိုလည်း တွေ့ခဲ့ရပါတယ်။ ဒါကြောင့်တစ်ချိန်က တေလာဆွစ်ရဲ့ နွေရာသီဖက်ရှင်တွေ ပြန်လည် ပေါ်ထွက်လာပြီဖြစ်ကြောင်း အများက ဝေဖန်ခဲ့ကြတယ်လို့ အီးအွန်လိုင်းဒေါ့ကွန်းမှာ ရေးသား ဖော်ပြခဲ့တာ တွေ့ရပါတယ်။

 

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာလည်း တေလာဆွစ်ကို နယူးယော့ခ်ရဲ့ လမ်းတွေပေါ်မှာ တစ်ကိုယ်တည်း တွေ့ခဲ့ရပါတယ်။ သူဟာ လတ်တလောမှာ နောက်ဆုံးထွက်ရှိထားတဲ့ သူ့ရဲ့ တေးအယ်လ်ဘမ်သစ် ''Reputation''  အတွက် နယ်လှည့်ဖျော်ဖြေပွဲတွေ ပြုလုပ်နေတာဖြစ်ပြီး ဖျော်ဖြေပွဲခရီးစဉ်တွေ ခေတ္တရပ်နားချိန်မှာ ယခုလို နယူးယော့ခ် မှာ တွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်တွေကလည်း နွေရာသီဖက်ရှင်တွေနဲ့ လှနေတဲ့ တေလာဆွစ်ကို ဒီလမ်းမတွေပေါ်မှာပဲ တွေ့ခဲ့ရပါတယ်။

 

ယခုလအစပိုင်းမှာ ကျရောက်ခဲ့တဲ့ အမေရိကန်နိုင်ငံရဲ့ လွတ်လပ်ရေးနေ့မှာလည်း တေလာဆွစ်ဟာ ချစ်သူ ဖြစ်တဲ့ ဗြိတိန်မင်းသား ဂျိုးအော်ဝင်န်နဲ့အတူ ကမ်းခြေမှာ အပန်းဖြေခဲ့ပါတယ်။ တေလာဆွစ်ဟာ ဂျိုးအော်ဝင်န်နဲ့ ချစ်သူတွေအဖြစ် စတင်လက်တွဲခဲ့စဉ်က မီဒီယာတွေကို အမြဲတိမ်းရှောင်ခဲ့ပြီး သူတို့နှစ်ဦးရဲ့ အချစ်ရေးကိုလည်း ဖွင့်ဟဝန်ခံခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာတော့ တရားဝင်လက်တွဲလာခဲ့တာကို တွေ့ရပါတယ်။

 

တောင်ကိုရီးယားရဲ့ အအောင်မြင်ဆုံးသော ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ ''Descendants of the Sun (DOTS)'' နဲ့ ပရိသတ်အသိအမှတ်ပြုခြင်းခံခဲ့ရတဲ့ မင်းသား ဆောင်ဂျွန်ကီဟာ လတ်တလောမှာတော့ ဇာတ်လမ်းတွဲသစ် ''Asadal Chronicles'' ကို လက်ခံရိုက်ကူးပေးသွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ ဆောင်ဂျွန်ကီအနေနဲ့ ဆောင်းဟေကိုနဲ့ လက်ထပ်ခဲ့ပြီးနောက် ပထမဆုံးရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲလည်း ဖြစ်ပါတယ်။ ဆောင်းဟေကိုကလည်း မကြာသေးမီက သူ့ရဲ့မင်္ဂလာပွဲပြီးနောက် ပထမဆုံး ရိုက်ကူးသွားမယ့် ဇာတ်လမ်းတွဲကို ထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ ဆောင်းဟေကိုကတော့ ယင်းဇာတ် လမ်းတွဲသစ်မှာ ဆောင်ဂျွန်ကီရဲ့ အရင်းနှီးဆုံးသော သူငယ်ချင်းတစ်ဦးဖြစ်သူ ပါ့ခ်ဘိုဂန်းနဲ့ တွဲဖက်ပါဝင် သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

 

ဆောင်ဂျွန်ကီရဲ့ ရုပ်ရှင်သစ် '' Asadal Chronicles'' မှာတော့  သူနဲ့အပြိုင် မင်းသမီးကမ်ဂျီဝန်က ခေါင်း ဆောင်ပါဝင်သွားမှာပါ။ အခြားသော ဇာတ်ဆောင်တွေအဖြစ် မင်းသား ဂျန်ဒေါင်ဂန်နဲ့ မင်းသမီးကမ်အို့ ဘင်တို့ ပါဝင်သွားမှာဖြစ်ပြီး tvN ရုပ်သံလိုင်းမှ တာဝန်ယူရိုက်ကူးထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

 

ဒီဇာတ်လမ်းတွဲဟာ ပေါ့ပေါ့ပါးပါးနဲ့ ပျော်စရာဇာတ်လမ်းမျိုးဖြစ်ပါတယ်။ သူရဲကောင်းတစ်ဦးနဲ့ သူ့ရဲ့ ရန်သူတို့ ဟာ သူတို့ရဲ့အတွေးကမ္ဘာထဲမှာ ကိုယ်ပိုင်ကမ္ဘာတွေကို သီးခြားရှာဖွေတွေ့ရှိထားကြတာ ဖြစ်ပါတယ်။ ဆောင်ဂျွန်ကီက အဓိကဇာတ်ကောင်တစ်ဦးဖြစ်တဲ့ အွန်ဆွန်နေရာက ပါဝင်ထားတာဖြစ်ပြီး သူ့ရဲ့ရန်သူအဖြစ် မင်းသား ဂျန်ဒေါင်ဂန်က သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

 

အေးပြည့်