ကန့်ဘလူ  ၁၃    ဒီဇင်ဘာ 

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် လာမည့်နွေရာသီကာလ၌ ရေရှားပါးမှု မဖြစ်ပေါ်စေရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ဖြေရှင်းပေးနိုင်ရန်နှင့် ရေရယူသုံးစွဲနေမှုအခြေအနေများကို သိရှိနိုင်ရန် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဟန်ထွန်းအောင်နှင့် ဝန်ထမ်းများသည် အဖွဲ့ခွဲ၍ မြို့နယ်အတွင်းရှိ ကျေးရွာများ လက်ရှိရေသုံးစွဲနေမှု၊ ရေအရင်းအမြစ်အခြေအနေ၊ ရေသိုလှောင်ကန်အခြေအနေ(ရေလက်ကျန်) များကို ဒီဇင်ဘာ ၁၃ ရက်နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဌာနှစ် ရေရရှိရေးလုပ်ငန်းများအနေဖြင့် မိုးရေလှောင်ကန် ငါးကန်ကို ဝက်သအင်းကျေးရွာ၊ ဦးကင်းကြည်ကျေးရွာ၊ သေတ္တာကျေးရွာ၊ အုတ်ခင်းကျေးရွာနှင့် လျှော်ဖြူကုန်းကျေးရွာများတွင်လည်းကောင်း၊ စက်ရေတွင်း ၁၀ တွင်းကို အောက်တဲကျေးရွာ၊ အေးသာယာကျေးရွာ၊ ကမ်းနီကျေးရွာ၊ ကိုးတန်ကျေးရွာ၊ တောင်ဇော်ကျေးရွာ၊ လွယ်ကူကျေးရွာ၊ငှက်ပျောတိုင်း (ရွာဟောင်း)ကျေးရွာ၊ ညောင်ကန်သာကျေးရွာ၊ ပဇီကြီးကျေးရွာနှင့် ချောင်းခြားကျေးရွာတို့တွင်လည်းကောင်း၊ ရေစင်၊ အုတ်ရေကန် သုံးခုကို ချပ်သင်းကျေးရွာ၊ ပင်းတည်းကျေးရွာနှင့် မလယ်ကျေးရွာတွင်လည်းကောင်း ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှူး ဦးဟန်ထွန်းအောင်ထံမှ သိရသည်။

မြို့နယ်အတွင်းရှိ ကျေးရွာများ၌ ရေရရှိရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုမှာ လက်ရှိအခြေအနေထိ စက်ရေတွင်း ၄၈ တွင်း၊အိမ်တိုင်ရာရောက်ရေသွယ်စနစ် ၂၆ ခု၊မြေသားရေကန် ၄၁ ကန်တို့ဖြင့် သောက်သုံးရေရယူသုံးစွဲလျက်ရှိပြီး ကျေးရွာပြည်သူများ၏ ရေသုံးစွဲမှုအခြေအနေများ၊ မြေသားရေသိုလှောင်ကန်များ ရေလက်ကျန်အခြေအနေများကို ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်းနှင့် နွေရာသီရေရှားပါးမှု မဖြစ်ပေါ်ရေးဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန်ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)