ဘားအံ ၂၀ ဧပြီ
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ပူးပြင်းခြောက်သွေ့၍ ရေတွင်း၊ ရေကန်များ ခန်းခြောက်လာသည့်အတွက် ရေရှားပါးမှုများနှင့် ရင်ဆိုင်ကြုံတွေ့ရလျက်ရှိရာ ဒေသခံပြည်သူများ၏ တောင်းဆိုချက်အရ ဧပြီလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနှင့် ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များ ပူးပေါင်း၍ ကော့သင်းရှူးကျေးရွာအုပ်စု၊ နောက်လုံအနောက်ကျေးရွာအုပ်စုတို့နှင့် ဆက်စပ်ဧရိယာများတွင် သောက်သုံးရေ သွားရောက်လှူဒါန်းပေးခဲ့သည်။
ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးခင်မောင်ဝင်းက “ကျေးရွာဒေသခံပြည်သူတွေက ရေရှားနေတယ်လို့ အကြောင်းကြားလာရင် သွားရောက်လှူဒါန်းပေးသွားမှာဖြစ်ပါတယ်။ ဘားအံမြို့နယ်ထဲမှာ ကျေးရွာ ၁၀ ရွာခန့် ရေရှားပါးမှုကို ရင်ဆိုင်ကြုံတွေ့နေရပြီးတော့ လာမယ့်နှစ်တွေမှာ အိမ်ခြေနဲ့လူဦးရေပေါ် မူတည်ပြီး လူဦးရေ ၁၀၀ အောက်ဆိုရင် တွင်းတိမ်၊ လူဦးရေ ၁၀၀ အထက်ဆို တွင်းနက် တူးဖော်ပေးပြီး ကျေးရွာတွေမှာ ရေရှည် ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ် ” ဟုပြောသည်။
သောက်သုံးရေများ သွားရောက်လှူဒါန်းပေးရာတွင် ဘားအံမြို့နယ် ကော့သင်းရှူးကျေးရွာအုပ်စုနှင့် နောင်လုံ အနောက်ကျေးရွာအုပ်စုတို့၏ ဆက်စပ်ဧရိယာများရှိ ကော့သင်းရှူး၊ ကော့ဒိုင်း၊ ကော့ဒူး၊ နောက်လုံအနောက်ကျေးရွာများ မှ အိမ်ခြေ ၁၃၃ အိမ်၊ လူဦးရေ ၆၆၅ ဦးတို့အတွက် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်) မှ ထောက်ပံ့ ပေးပို့သော ဂါလံ ၁၆၀၀ ဆန့် ရေသယ်ယာဉ်ဖြင့် ရေဂါလံ ၃၂၀၀ အား ကော့ဒိုင်းကျေးရွာစာကြည့်တိုက်ဝင်းအတွင်းရှိ အများသုံး ယာယီရေလှောင်ကန် နှင့် အများသုံးရေလှောင်ပုံးကြီးများ အတွင်းသို့ သွားရောက်ပို့ဆောင် လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)
