နွေရာသီတွင် လာကာဇက်၏ နေရာကို ကားဗက်လီဝင်ဖြင့် အစားထိုးရန် အာဆင်နယ် စီစဉ်

ဒီဇင်ဘာ ၅

အာဆင်နယ်အသင်းသည် လာမည့်နွေရာသီတွင် အသင်းမှ လာကာဇက်၏နေရာကို အစားထိုးရန်အတွက် အဲဗာတန်အသင်းမှ အင်္ဂလန်တိုက်စစ်ကစားသမား ကားဗက်လီဝင်ကို ပစ်မှတ်ထားနေကြောင်း သတင်းများတွင် ဖော်ပြထားသည်။

ကားဗက်လီဝင်သည် လက်ရှိတွင် ဒဏ်ရာအနာတရဖြင့် ရုန်းကန်နေရသူဖြစ်ပြီး ယခုနှစ်ရာသီ အဲဗာတန်အသင်းအတွက် ပြိုင်ပွဲအရပ်ရပ် သုံးပွဲသာပါဝင်ကစားခွင့် ရရှိထားသေးပြီး သုံးဂိုး သွင်းယူပေးထားနိုင်သည်။ ကားဗက်လီဝင်နှင့် အဲဗာတန်အသင်းတို့ ချုပ်ဆိုထားသော စာချုပ်သက်တမ်းမှာ ၂၀၂၅ ခုနှစ်အထိ ချုပ်ဆိုထားသည်။

လာကာဇက်သည် ယခုနှစ်ရာသီ အာဆင်နယ်အသင်းတွင် ပုံမှန်ခြေစွမ်းရရှိရန် ရုန်းကန်နေရသည့် ကစားသမားတစ်ဦးဖြစ်ပြီး လက်ရှိအချိန်အထိ ပြိုင်ပွဲစုံ ၁၁ ပွဲတွင် သုံးဂိုးသာ သွင်းယူထားနိုင်သေးသည်။ လာကာဇက်သည် အာဆင်နယ် အသင်းနှင့် ချုပ်ဆိုထားသော စာချုပ်သက်တမ်းမှာ ရာသီကုန်တွင် ကုန်ဆုံးတော့ မည်ဖြစ်သည်။ ထို့ကြောင့် လာကာဇက်အနေဖြင့် အာဆင်နယ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးပါက အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာဖွယ်ရှိနေသူလည်း ဖြစ်သည်။ အာဆင်နယ်အသင်းသည် ပရီမီယာလိဂ်ပွဲစဉ် (၁၄) အပြီးတွင် ရမှတ် ၂၃ မှတ် ရရှိထားသည်။

အောင်ဇော်