ဆင်ပေါင်ဝဲ ၁၀ သြဂုတ်
မကွေးတိုင်းဒေသကြီး၊ သရက်ရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိသည့် လယ်မကျေးရွာအုပ်စု၊ လယ်မကျေးရွာတွင် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP Off-grid) ဖြင့် နေရောင်ခြည်စွမ်းအင်သုံးဆိုလာအသေးစား ဓာတ်အားပေးစနစ် (Solar Mini-Grid) လျှပ်စစ်မီးလင်းရေး ဆောင်ရွက်နေမှုများကို ယနေ့နံနက် ၉ နာရီအချိန်က သရက်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ခရိုင်ဦးစီးမှူး ဦးတိုးကြည်နှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သရက်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတိုးကြည်နှင့် ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းဦးနှင့်ဝန်ထမ်းများ၊ မန္တလေးရိုးမ ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ကျေးရွာမီးလင်းရေးကော်မတီများနှင့်အတူ မီးတိုင် စိုက်ထူနေမှုအခြေအနေများ၊ Solar Station တည်ဆောက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးသည်။
လယ်မကျေးရွာလျှပ်စစ်မီးရရှိရေးကို ကမ္ဘာ့ဘဏ်၊ ဂျာမဏီနှင့် ပူးပေါင်းဆောင်ရွက်မှု (GIZ)တို့မှ နည်းပညာပံ့ပိုးပေးပြီး မဟာဓာတ်အားလိုင်းပြင်ပ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း(NEP Off-grid)ဖြင့် အမေရိကန်ဒေါ်လာ (၇၈၄၅၁၆) ကုန်ကျခံကာ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ထည့်ဝင်ငွေ ၆၀ ရာခိုင်နှုန်း၊ ပြည်သူထည့်ဝင်ငွေ ၂၀ ရာခိုင်နှုန်း၊ ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီမှ ထည့်ဝင်ငွေ ၂၀ ရာခိုင်နှုန်းဖြင့် ဆိုလာ ၁၆၅ ဒသမ ၇၆ ကီလိုဝပ်၊ ဂျင်နရေတာ ၈၀ ကေဗွီအေ ဆိုလာ-ဒီဇယ်ပေါင်းစပ်စနစ် အမျိုးအစားကို မန္တလေးရိုးမကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာအသေးစားဓါတ်အားပေးစနစ် ဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ(၅၈၂) လူဦးရေ (၂၆၀ဝ)တို့ အတွက် ၂၄ နာရီ အချိန်ပြည့်လျှပ်စစ်ဓာတ်အားရရှိကာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ယခင်ကထက် ပိုမိုဆောင်ရွက်နိုင်တော့မှာဖြစ်ကြောင်း သိရသည်။
စိုးမိုးကျော်


