နေပြည်တော် ၄ ဇန်နဝါရီ
နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး ကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ရခိုင်ပြည်နယ်မှ တစ်ဖက်နိုင်ငံသို့ နေရပ်စွန့်ခွာကြသူများအား ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး၊ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများကို ကွပ်ကဲဆောင်ရွက်ရန် တာဝန်ရှိပါကြောင်း။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဖွဲ့စည်းထားသည့် ပြန်လည်နေရာချထားရေးဆိုင်ရာ ဆက်စပ်ကော်မတီများကို ကြီးကြပ်ကွပ်ကဲခြင်းကိုလည်း ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုများကို စိစစ်၍ ဗဟိုကော်မတီထံသို့ တင်ပြရန်လိုအပ်ပါကြောင်း၊ လုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရန် လုပ်ငန်းကော်မတီ (၂)ရပ်ကို ထပ်မံဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းကော်မတီနှင့် နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး လုပ်ငန်းကော်မတီများဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီ (၂)ရပ်လုံးက တက်ညီလက်ညီဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မှသာ လုပ်ငန်းစဉ်များ ထိရောက်အောင်မြင်မည်ဖြစ်ပါကြောင်း။
နှစ်နိုင်ငံသဘောတူစာချုပ်အတိုင်း မဟုတ်ဘဲ မိမိဆန္ဒအလျောက် ပြန်လည်ဝင်ရောက် လာကြသူများလည်း ရှိပါကြောင်း၊ ပြန်လည်ဝင်ရောက်လာကြသူများအတွက် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေအရ နိုင်ငံသားစိစစ်မှု လုပ်ငန်းစဉ် အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရေးသည် အရေးကြီးသည့် လုပ်ငန်းတစ်ခုဖြစ်၍ စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စားနပ်ရိက္ခာများ၊ အဝတ်အထည်များနှင့် အိမ်အသုံးအဆောင် ပစ္စည်းများကိုလည်း မိမိတို့ဝန်ကြီးဌာနက ထောက်ပံ့ပေးလျက်ရှိကြောင်း၊ တစ်ဖက်နိုင်ငံသို့ ထွက်ခွာသွားခြင်းမရှိဘဲ နေရပ်စွန့်ခွာကြရသူများအတွက် ပြန်လည်နေရာချထားရေးလုပ်ငန်း ဆောင်ရွက်မှုများကို ပိုမိုအရှိန်အဟုန်မြှင့်ရန် လိုအပ်သကဲ့သို့ ဆောင်ရွက်ပြီးစီးမှုများကိုလည်း တင်ပြဆွေးနွေးစေလိုပါကြောင်း။
UEHRD အစီအစဉ်ဖြင့် ဦးစားပေးလုပ်ငန်းစဉ်များသတ်မှတ်ပြီး ပြန်လည်နေရာချထားရေး ဆောင်ရွက်လျက်ရှိသည့် ကိစ္စများကိုလည်း ဆွေးနွေးကြရန်ဖြစ်ကြောင်း၊ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းများတွင် အာဆီယံနိုင်ငံများက ပံ့ပိုးနိုင်မည့် ဦးစားပေးလုပ်ငန်း(၇)ခုကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအတွက် လူသားချင်းစာနာကူညီမှုဆိုင်ရာ အာဆီယံညှိနှိုင်းရေးမှူးရုံး (AHA Centre) နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ထိုလုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော်ရန် လိုအပ်ပါကြောင်း၊ စိန်ခေါ်မှုများ၊ အခက်အခဲများရှိသော်လည်း နှစ်နိုင်ငံသဘောတူညီစာချုပ်အတိုင်း အောင်မြင်စွာဆောင်ရွက်နိုင်ရေး ဆက်လက်ကြိုးပမ်း ကြပ်မတ်ဆောင်ရွက်ကြရန် လိုပါကြောင်း၊ ပြန်လည်ဝင်ရောက်လိုသူများ ရှိသော်လည်း နှစ်နိုင်ငံသဘောတူစာချုပ် နည်းလမ်းအတိုင်းမဟုတ်သည့် ကိစ္စများလည်းရှိနေကြာင်း။
အဆိုပါ စိန်ခေါ်မှုများကို ဖြေရှင်နိုင်မည့် နည်းလမ်းများရရှိရေး စဉ်းစားဆွေးနွေးကြမည်ဖြစ်ကြောင်း၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာကို အတည်ပြုချမှတ်ပြီးဖြစ်ရာ လက်ရှိ IDP စခန်းများကို စနစ်တကျ ပိတ်သိမ်းနိုင်တော့မည်ဖြစ်ပြီး မဟာဗျူဟာပါ လုပ်ငန်းစဉ်များအတိုင်း အဆင့်ဆင့် ဆောင်ရွက်လျက်ရှိကြောင်း၊ မြေပြင်တွင် လက်တွေ့အကောင်အထည်ဖော်ကြသည့် ဝန်ထမ်းများ၏ လုံခြုံရေးနှင့် အခက်အခဲများကိုလည်း တာဝန်ခံမှု၊ တာဝန်ယူမှုများဖြင့် ပူးပေါင်းဖြေရှင်း ဆောင်ရွက်ပေးကြရန်လည်း လိုပါကြောင်းနှင့် ကော်မတီ၏လုပ်ငန်းများကို ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် စည်းရုံးခြင်းဖြင့် အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ၊ လုပ်ငန်းကော်မတီဥက္ကဋ္ဌများ၊ ပူးတွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များက ပြန်လည်လက်ခံရေးအတွက် ဘင်္ဂလားဒေ့ရှ်ဘက်က ပေးပို့လာသည့် အမည်စာရင်းအား စိစစ်ပြီးစီးမှု၊ UEHRD အစီအစဉ်ဖြင့် ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် အချက်များ၊ ပြန်လည်ဝင်ရောက်လာသူများအား ၎င်းတို့၏မူလနေရာ၊ မူလနေရာနှင့် အနီးစပ်ဆုံးကျေးရွာများနှင့် ၎င်းတို့သဘောတူညီ ရွေးချယ်သောနေရာများတွင် ပြန်လည်နေရာချထားပေးရန် စီစဉ်ထားရှိမှုအခြေအနေများ၊ မိမိသဘောဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လာသူများအား လုပ်ထုံးလုပ်နည်နှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ မြန်မာနိုင်ငံအစိုးရနှင့် UNDP / UNHCR တို့အကြား လက်မှတ်ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာ မူဘောင်အောက်တွင် ထည့်သွင်းဆောင်ရွက်သင့်သည် Meduim term project များနှင့် စပ်လျဉ်းသည့်ကိစ္စများ၊ အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများတွင် ASEAN ERAT ၏ ဦးစားပေးလုပ်ငန်းများ အကောင်အထည်ဖော်မှု တိုးတက်မှုအခြေအနေများ၊ မိတ်ဖက်နိုင်ငံများ၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်နေမှုအခြေအနေများကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်