နေပြည်တော် ၁၉ နိုဝင်ဘာ
နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အစိုးရအနေဖြင့် နိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူများအားလုံးအတွက် လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှ အခွင့်အရေးရရှိခြင်းများကို ဦးတည်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေး၊ အမျိုးသားရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကြီး ပေါ်ထွန်းရေးအတွက် လိုက်လျောညီထွေရှိသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေး ဦးတည်ချက်(၃)ရပ်ချမှတ်ပြီး ပေါက်မြောက်အောင်မြင်အောင် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းအသီးသီးက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြပါကြောင်း၊ ထို့သို့ ဆောင်ရွက်ရာတွင် ပြည်သူများ၊ မိတ်ဆွေနိုင်ငံများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများနှင့် လူမှုရေးအသင်းအဖွဲ့များအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း။
ထို့ကြောင့် ယခုအမျိုးသားအဆင့် မဟာဗျူဟာကို အားလုံးပူးပေါင်းပါဝင်မှုများဖြင့် ဝန်ကြီးဌာနကဦးဆောင်ပြီး ရေးဆွဲနိုင်ခဲ့ပါကြောင်း၊ မဟာဗျူဟာသည် နိုင်ငံအတွက် အရေးပါသော မဟာဗျူဟာတစ်ခုဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင်လက်နက်ကိုင် ပဋိပက္ခများ၊ လူမှုပဋိပက္ခများကြောင့် ကချင်၊ ကရင်၊ ရခိုင်နှင့် ရှမ်းပြည်နယ်များတွင် ၂၀၁၉ ခုနှစ် အောက်တိုဘာလ စာရင်းများအရ IDP စခန်းအရေအတွက် (၁၂၈) ခုရှိပြီး ပြည်တွင်း နေရပ်စွန့်ခွာသူ(၁)သိန်း (၆)သောင်းကျော်ရှိပါကြောင်း၊ ကိန်းဂဏန်းများသည် အချိန်နှင့်အမျှ ပြောင်းလဲနေပါကြောင်း၊ IDP စခန်းများတွင် စီမံခန့်ခွဲမှုများကို ပိုမိုစနစ်ကျကောင်းမွန်လာစေရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အစိုးရသစ်တာဝန်စတင်ယူစဉ်ကပင် ရခိုင်ပြည်နယ်အတွင်း IDP စခန်းများပိတ်သိမ်းရေးနှင့် စခန်းစီမံခန့်ခွဲမှုများ ပိုမိုကောင်းမွန်လာစေရေးအတွက် ဗဟိုကော်မတီအောက်တွင် ဖွဲ့စည်းထားသော ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီက တာဝန်ယူဆောင်ရွက်ခဲ့ရာတွင် စခန်းအချို့ကို ပိတ်သိမ်းနိုင်ခဲ့ပြီးဖြစ်ပါကြောင်း။
မစ္စတာကိုဖီအာနန် ဦးဆောင်သော အကြံပေးကော်မရှင်၏ အကြံပေးချက်များတွင် IDP စခန်းများပိတ်သိမ်းခြင်းနှင့် ပြန်လည်နေရာချထားခြင်းလုပ်ငန်းကို စနစ်တကျ ဆောင်ရွက်နိုင်ရန် အကြံပေးချက်ပါဝင်ပါကြောင်း၊ အစိုးရအနေဖြင့် IDP စခန်းများ စနစ်တကျ ပိတ်သိမ်းနိုင်ရေးအတွက် အမျိုးသားအဆင့်မဟာ ဗျူဟာကို ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းက စတင်ရေးဆွဲ ဆောင်ရွက်ခဲ့ရာတွင် အားလုံးနှင့်ပူးပေါင်းလျက် ဆွေးနွေးအကြံပြုချက်များရယူပါကြောင်း၊ ပညာရှင် Prof.Walter Kaelin၏ ကျွမ်းကျင်မှု အကူအညီဖြင့် စခန်းများသို့ကွင်းဆင်းပြီးမြေပြင်အခြေအနေနှင့် ကိုက်ညီသော မဟာဗျူဟာ ဖြစ်စေရေး ဆောင်ရွက်ခဲ့ပါကြောင်း၊ လုပ်ငန်းစီမံချက်များကို ဆက်လက်ရေးဆွဲကြရာတွင် သက်ဆိုင်ရာ ပြည်နယ်အလိုက် မတူညီကွဲပြားမှုများ ရှိမည်ဖြစ်ကြောင်း၊ မဟာဗျူဟာအပေါ် အခြေခံကာ ဒေသနှင့် ကိုက်ညီပြီး လက်တွေ့ကျသည့် လုပ်ငန်းစီမံချက်များ ရေးဆွဲကြရမှာဖြစ်ကြောင်း၊ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တရားဥပဒေကို လေးစားလိုက်နာကြရန် အရေးကြီးကြောင်းနှင့် လုပ်ငန်းစီမံချက်များ ရေးဆွဲကြရာတွင် ဆက်လက်ပူးပေါင်းပါဝင်ပေးကြရန်နှင့် မဟာဗျူဟာ ပေါ်ပေါက်ရေးအတွက် ပါဝင်ပေးခဲ့ကြသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မဟာဗျူဟာရေးဆွဲဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် မဟာဗျူဟာကိုအသေးစိတ် ရှင်းလင်းဆွေးနွေးပြီး အခမ်းအနား တက်ရောက်လာကြသူများက စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကြသည်။
အဆိုပါအခမ်းအနားသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လူမှုရေးဝန်ကြီးနှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးဗိုလ်မှူးကြီး၊ ကရင်ပြည်နယ်လူမှုရေးဝန်ကြီး၊ ရခိုင်ပြည်နယ် လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ ဌာနေကိုယ်စားလှယ်များ၊ အလှူရှင်အဖွဲ့အစည်းများနှင့် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


