ရခိုင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွင် အာဆီယံမှ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် မြန်မာနိုင်ငံ အစိုးရအကြား အဆင့်မြင့်အရာရှိကြီးများ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်ကော်မရှင်ကို ဖွဲ့စည်းဆောင်ရွက်သည့်အပြင် အကြံပြုချက်များ အကောင်အထည် ဖော်နိုင်ရေးကိုလည်း အတတ်နိုင်ဆုံးနှင့် အကောင်းဆုံး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ လုပ်ငန်းစဉ်ကို ဘက်လိုက်မှုမရှိဘဲ ဓမ္မဓိဌာန်ကျကျ ဆောင်ရွက်လိုပါကြောင်း၊ ယခုဆောင်ရွက်မည့် လုပ်ငန်းစဉ်သည် မြန်မာနိုင်ငံမှ လက်ရှိဆောင်ရွက်ဆဲ လုပ်ငန်းစဉ်များဖြစ်သည့် ကြက်ခြေနီလှုပ်ရှားမှုများ၊ UNDP, UNHCR နှင့် မြန်မာနိုင်ငံ အစိုးရ၏ သုံးပွင့်ဆိုင် နားလည်မှုစာချွန်လွှာ အကောင်အထည်ဖော်မှုများကို ပိုမိုပြည့်စုံအောင် ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း။

ထို့အပြင် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား နှစ်နိုင်ငံ ကတိကဝတ်များကို အကောင်အထည်ဖော်ရာတွင်လည်း အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း၊ အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု ပြယုဂ်ကောင်းတစ်ခုကို ဖော်ဆောင်နိုင်မည် ဖြစ်သည့်အတွက် ဒေသတွင်းနိုင်ငံများသာမက နိုင်ငံတကာ အသိုက်အဝန်းတွင်ပါ အရေးပါသည့် ပူးပေါင်းဆောင်ရွက်မှုဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် အာဆီယံအတွင်းရေးမှူးချုပ် Mr. Lim Jock Hoi က မြန်မာနိုင်ငံ အစိုးရအနေဖြင့် အာဆီယံအပေါ်တွင်ထားရှိသည့် ယုံကြည်မှုအတွက် များစွာဝမ်းမြောက်ကြောင်းနှင့် အာဆီယံ အရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ (ASEAN ERAT) လုပ်ငန်းစဉ်အရ လိုအပ်ချက် ဆန်းစစ်ဖော်ထုတ်မှု လုပ်ငန်းစဉ်ကို သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံ၏ စည်းမျဉ်းစည်းကမ်းများ၊ ဦးစားပေးအစီအစဉ်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ AHA Centre မှ Executive Director ဖြစ်သူ Ms. Adelina Kamel က လိုအပ်ချက်ဆန်းစစ် ဖော်ထုတ်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြပြီး အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးက ASEAN ERAT ပြည်တွင်းသင်တန်း ဖွင့်လှစ်ပို့ချမည့် အစီအစဉ်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ တက်ရောက်လာသူများက အကြံပြု ဆွေးနွေးကြသည်။ အစည်းအဝေးသို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

(သတင်းစဉ်)