နေပြည်တော်  ၁၉ မေ

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်သည့် ကိုဗစ်-၁၉ ကာလအတွင်း ထိခိုက်လွယ်အုပ်စုတွင် ပါဝင်သည့် ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက် (၂) နှစ်အောက် ကလေးသူငယ်များ ငွေကြေးထောက်ပံ့ခြင်း (MCCT) အစီအစဉ်ကို ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာ သူများနေထိုင်ရာ IDP စခန်းများတွင် မေ ၁၈ ရက်မှ စတင်ပြီး နိုင်ငံတော်ဘဏ္ဍာ ရန်ပုံငွေမှကျခံ၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ World Food Program တို့နှင့် ပူးပေါင်း၍ ထောက်ပံ့ ဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါ အကျိုးခံစားခွင့်ရှိသူများသည် သာမာန်အခြေအနေ၌ပင် ထိခိုက်လွယ်သူများဖြစ်ကြပြီး၊ ယခုကဲ့သို့သော ပုံမှန်လူမှုစီးပွားဘဝများအပေါ် ကူးစက်ရောဂါကြောင့် သက်ရောက်မှုရှိလာသော အခြေအနေတွင် ပို၍ထိခိုက် လွယ်သူများ ဖြစ်လာကြပြီး အခြေခံဝန်ဆောင်မှုများအား ရယူသုံးစွဲနိုင်မှုတွင် အထူးအားနည်းလာခြင်းကြောင့် ဘေးဒုက္ခတစ်ခုခု ကြုံတွေ့ရချိန်တွင် တုံ့ပြန်ဆောင်ရွက်ရသည့် လူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ် (Shock Responsive Social Protection Program) အနေဖြင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ နေရပ်စွန့်ခွာ သူများနေထိုင်ရာ IDP စခန်းများရှိ ထိခိုက်လွယ်ဆုံး အုပ်စုဝင်များဖြစ်သည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂) နှစ်အောက် ကလေးသူငယ်များအား တစ်ကြိမ်ထောက်ပံ့မှု (one time support) ထောက်ပံ့ခြင်း ဖြစ်သည်။

 

ပထမအကြိမ် ထောက်ပံ့မှုအနေဖြင့် ကချင်ပြည်နယ်ရှိ IDP စခန်း (၄၃) ခုရှိ အကျိုးခံစားသူ ဦးရေ (၁,၂၈၅)ဦးနှင့် ရှမ်းပြည်နယ်ရှိ IDPစခန်း (၁၁)ခုရှိ အကျိုးခံစားသူ (၁၁၇)ဦး၊ စုစုပေါင်း အကျိုးခံစားသူ (၁,၄၀၂)ဦးအား တစ်ဦးလျှင် ငွေကျပ်(၃၀,၀၀၀)နှုန်းဖြင့် ယနေ့တွင် စတင်ထောက်ပံ့လျက်ရှိပြီး ကျန်ရှိနေသော IDP စခန်းများအား ဆက်လက်၍ ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် MCCT အစီအစဉ်ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်ကစတင်၍ ချင်း၊ ရခိုင်၊ ကရင်၊ ကယား ပြည်နယ်များနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများတွင် ပုံမှန်‌ထောက်ပံ့မှုများ‌ ဆောင်ရွက်နေသည့်အပြင် ကိုဗစ်-၁၉ ကာလ ထပ်ဆောင်းထောက်ပံ့မှုများပါ ဆောင်ရွက် သွားမည်ဖြစ်သည်။

 

IDP စခန်းများနှင့် တိုက်ပွဲရှောင် စခန်းများရှိသော ချင်း၊ ရခိုင်၊ ကရင်၊ ကချင်နှင့် ရှမ်းပြည်နယ် တို့အနက် MCCT အစီအစဉ် ဝင်ရောက်နိုင်သေးခြင်း မရှိသော ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ရှိ IDP စခန်းများတွင် နေထိုင်ကြသော ကိုယ်ဝန်‌ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်