ဘားအံ ၂၂ ဧပြီ
ထိုင်းနိုင်ငံမှပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ကရင်ပြည်နယ်အတွင်း၌ Quarantine Centers များ ဖွင့်လှစ်ထားရှိ၍ စောင့်ကြပ်ကြည့်ရှုခဲ့ပြီး သတ်မှတ်ရက် ပြည့်မြောက်သည့်အတွက် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပြီး ဧပြီ ၂၁ ရက်နေ့ နံနက်ပိုင်းက ၎င်းတို့နေထိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်၊ မြို့၊ ရွာများသို့ ပြန်လည်စေလွှတ်ပေးခဲ့သည်။
ထိုသို့ စောင့်ကြည့်ခံပြည်သူများ ၎င်းတို့နေရပ်သို့ ပြန်လည်ထွက်ခွာမှုအား ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဦးစောချစ်ခင်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဘားအံမြို့ သံလွင်တံတားထိပ်တွင် တွေ့ဆုံနှုတ်ဆက်၍ ထမင်းဘူး၊ ရေသန့်ဘူးနှင့် အချိုရည်နှင့်မုန့်များ ဝေငှပေးခဲ့သည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်က “ဒီနေ့ကတော့ သတ်မှတ်ရက်ပြည့်လို့ ပြန်လွှတ်ပေးရမယ် ဆိုတာ ကြိုသိထားတဲ့အတွက် သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို လူဦးရေအလိုက် မော်တော်ယာဉ်တွေ တောင်းပြီး သူ့ကားနဲ့သူ ပြန်ထည့်ပေးလိုက်တာဖြစ်တယ်၊ နဂိုကတည်းက စာရင်းရှိထားပြီးသားဖြစ်တဲ့အတွက် သူ့အသုတ်နဲ့သူ ပြန်ထည့်ပေးလိုက်တာပါ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားတဲ့အတိုင်း တသဝေမတိမ်း ကျွန်မတို့လိုက်နာပါတယ်” ဟု ပြောသည်။
ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများအား စနစ်တကျစစ်ဆေးကြပ်မတ်ပြီး ကရင်ပြည်နယ်အတွင်းရှိ Facility Quarantine Centers များတွင် ထားရှိ၍ လိုအပ်သည့်ကျန်းမာရေးစောင့်ကြည့်မှုများ ဆောင်ရွက်ခဲ့ပြီး သတ်မှတ် ရက်ပြည့်မြောက်ပြီးသည့် နေရပ်ပြန် တစ်ထောင်ကျော်အား ဧပြီလ ၁၉ ရက်နေ့နှင့် ၂၁ ရက်နေ့တို့တွင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


