နေရပ်ပြန်ခွင့်ရပြီဖြစ်တဲ့ အိန္ဒိယရွှေ့ပြောင်းလုပ်သားများ

အောင်ကျော်ကျော်

 

အိန္ဒိယနိုင်ငံတစ်ဝန်းမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးဖို့ ခရီးသွားလာမှုတွေ ပိတ်ပင်ထားတဲ့အတွက် အနယ်နယ်အရပ်ရပ်မှာ သောင်တင်နေကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို နေရပ်ပြန်ပို့ဖို့ အိန္ဒိယအစိုးရက စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။

 

မေ ၁ ရက်မှာ တီလန်ဂါနာပြည်နယ်အတွင်း သောင်တင်နေကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို မီးရထားနဲ့ နေရပ်ပြန်ပို့တဲ့ အစီအစဉ်တွေကို စတင်နေပြီဖြစ်ပါတယ်။ ရွှေ့ ပြောင်းလုပ်သားတွေကို နေရပ်ပြန်ပို့တာဟာ တစ်နိုင်ငံလုံးမှာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ရထားတွဲဆိုင်း ၂၄ ဆိုင်းပါတဲ့ မီးရထားကြီးဟာ ရွှေ့ပြောင်းလုပ်သား ၁၂၀၀ ခန့်ကို တင်ဆောင်ပြီး တီလန်ဂါနာပြည်နယ်ကနေ ဂျာဟန်ပြည်နယ် အရှေ့ပိုင်းကို ဦးတည်ထွက်ခွာနေပြီဖြစ်ပါတယ်။ ။

 

အိန္ဒိယနိုင်ငံမှာ နေရပ်ပြန်ခွင့်မရဘဲ သောင်တင်နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို နေရပ်ပြန်ဖို့ ခွင့်ပြု လိုက်ပြီလို့ အိန္ဒိယအစိုးရက ဧပြီလနှောင်းပိုင်းမှာ ကြေညာခဲ့ပါတယ်။ နိုင်ငံအတွင်းမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးဖို့ ခရီးသွားလာခွင့် ကန့်သတ်ချက် တွေကို မတ် ၂၄ ရက်မှာ ဝန်ကြီးချုပ် နရန်ဒရာမိုဒီက ကြေညာခဲ့ပါတယ်။

 

ရွှေ့ပြောင်းလုပ်သားတွေကို နေရပ်ပြန်ဖို့ ခွင့်ပြုလိုက်ပေမယ့် အစိုးရအာဏာပိုင်တွေရဲ့ စီစဉ်ဆောင်ရွက် မှုနဲ့သာ နေရပ်သို့ ပြန်ရမှာဖြစ်ပါတယ်။ ပြည်နယ်တွေကို ဝင်ရောက်တော့မယ်ဆိုရင်လည်း သတ်မှတ်ထားတဲ့ရက်အထိ သီးခြားစောင့်ကြည့်မှုတွေ ခံယူရမှာဖြစ်ပါတယ်။

 

 

ရထားပေါ်မှာ ခပ်ခွာခွာ

 

မေ၁ရက်အစောပိုင်းမှာ ရွှေ့ပြောင်းလုပ်သားတွေကို တင်ဆောင်လာတဲ့ရထားကြီးဟာ တီလန်ဂါနာပြည်နယ် ဟေဒီရာဘတ်မြို့ရဲ့ ဆင်ခြေဖုံးနေရာတစ်ခုဖြစ်တဲ့ လင်ဂမ်ပါလီကနေ စတင်ထွက်ခွာလာပြီး ဂျာဟန် ပြည်နယ် ဟာတီယာမြို့ကို မေ၂ရက်မှာ ရောက်ရှိမယ်လို့ သိရပါတယ်။

 

ရွှေ့ပြောင်းလုပ်သားတွေဟာ ခပ်ခွာခွာနေရမယ့် စည်းမျဉ်းတွေကို လိုက်နာပြီး မီးရထားပေါ် လိုက်ပါစီးနင်း ရမှာဖြစ်ပါတယ်။ အချင်းချင်း ထိတွေ့မှုမရှိဘဲ ခပ်ခွာခွာ လိုက်ပါစီးနင်းနိုင်ဖို့ ရထားပေါ်မှာ နေရာတွေ သတ်မှတ်ထားပြီး ရွှေ့ပြောင်းလုပ်သားတွေကို စားနပ်ရိက္ခာတွေလည်း ဝေမျှပေးထားတယ်လို့ မီးရထားလုပ်ငန်း အကြီးအကဲ ရာကတ်ချာက ဆိုပါတယ်။ ပုံမှန်ဆိုရင် တွဲဆိုင်းတစ်ခုမှာ ခရီးသည်နေရာ ၇၂ နေရာ သတ်မှတ်ထားပါတယ်။ ဒါပေမယ့် ခပ်ခွာခွာ နေရမယ့်စည်းမျဉ်းအရ မီးရထားတွဲဆိုင်းတစ်ခုပေါ်မှာ ခရီးသည် ၅၄ ဦးသာ လိုက်ပါစီးနင်းရမှာ ဖြစ်တယ်လို့ ရာကတ်ချာက ပြောကြားခဲ့ပါတယ်။ ။

 

မီးရထားမထွက်ခွာမီ လိုက်ပါစီးနင်းမယ့် ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ ဗိုင်းရပ်စ်ပိုးရှိ၊ မရှိ ကျန်းမာရေးစစ်ဆေးမှုတွေ ခံယူရပါတယ်။

 

အခု နေရပ်ပြန်နေပြီဖြစ်တဲ့ ရွှေ့ပြောင်းလုပ်သား တွေဟာ ဟေဒီရာဘတ်မြို့က အိန္ဒိယနည်းပညာ အင်စတီကျူးရဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်က လုပ်သားတွေဖြစ်ပါတယ်။ မကြာသေးမီက ဒီလုပ်သားတွေဟာ သူတို့ရဲ့ လုပ်ခလစာတွေ မရရှိတဲ့အတွက် ကန်ထရိုက်တာကို လစာပေးဖို့ ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ သိရပါတယ်။

 

အိန္ဒိယရွှေ့ပြောင်းလုပ်သားတွေဟာ နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ အဓိကကျောရိုးပဲဖြစ်ပါတယ်။ နိုင်ငံအတွင်းမှာရှိတဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေ၊ စားသောက်ဆိုင်တွေ၊ ကုန်စည်ပို့ဆောင်ရေး၊ အလှပြင်ခန်း၊ မော်တော်ကားထုတ်လုပ်ရေး၊ ရေပိုက်ဆက်လုပ်ငန်းတွေနဲ့ သတင်းစာတွေ လိုက်လံပို့ဆောင်တဲ့လုပ်ငန်း စတဲ့နေရာ အများအပြားမှာ ရွှေ့ပြောင်းလုပ်သားတွေ ပါဝင်လုပ်ကိုင်နေ တာကို တွေ့မြင်ရပါတယ်။

 

အိန္ဒိယနိုင်ငံအတွင်း ရွှေ့ပြောင်းလုပ်သားအရေ အတွက် သန်း ၁၀၀ နီးပါးရှိပါတယ်။ အများစုကတော့ ချို့တဲ့စွာ နေထိုင်ကြရပါတယ်။ နိုင်ငံအတွင်းမှာ ကိုဗစ်-၁၉ ကူးစက်မှု စတင်တွေ့ရှိခဲ့တဲ့အတွက် ခရီးသွားလာခွင့်တွေ ပိတ်ပင်လိုက်တော့ စက်ရုံ၊ အလုပ်ရုံတွေအပါအဝင် စီးပွားရေးလုပ်ငန်းအားလုံး ပိတ်ပင်လိုက်ရပါတယ်။ ဒီအချိန်မှာ ရွှေ့ပြောင်းလုပ်သားအများစုဟာ ရောဂါကူးစက်ခံရမှာထက် အစာရေစာငတ်ပြီး သေဆုံးရမှာကို ပိုလို့ ကြောက်လန့်နေကြပါတယ်။ ။

 

နိုင်ငံအတွင်းမှာ မီးရထား၊ ဘတ်စ်ကားစတဲ့ ပို့ဆောင်ရေးစနစ်တွေ ပိတ်ပင်ထားတဲ့အတွက် တချို့ရွှေ့ပြောင်းလုပ်သားတွေဟာ မိုင်ပေါင်းများစွာရှည်လျားတဲ့ ခရီးရှည်ကြီးကို ခြေကျင် လမ်းလျှောက်သွားပြီး နေရပ်ပြန် ခဲ့ကြပါတယ်။ ခရီးရှည်တွေကို လမ်းလျှောက်ပြန်ရင်း သေဆုံးသွားတဲ့ ရွှေ့ပြောင်းလုပ်သားတွေလည်း အများကြီး ရှိခဲ့ပါတယ်။

 

အချို့ ပြည်နယ်အာဏာပိုင်တွေကလည်း ဘတ်စ်ကားတွေ၊ မီးရထားတွေ အသုံးပြုပြီးတော့ ရွှေ့ပြောင်းလုပ်သားတွေကို နေရပ်ပြန်ပို့ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။

 

လက်ရှိအချိန်မှာတော့ ရွှေ့ပြောင်းလုပ်သားတွေ နေရပ်ပြန်ခွင့်ရတဲ့အတွက် အလွန်ဝမ်းသာ ပျော်ရွှင်နေတာကို တွေ့ရပါတယ်။

 

စီမံမှုတွေ ကြိုတင်ပြင်ဆင်

 

ရွှေ့ပြောင်းလုပ်သားတွေ နေရပ်ပြန်လာကြပြီဖြစ်တဲ့အတွက် သူတို့ကို ယာယီထားရှိမယ့် သီးခြားစောင့်ကြည့်မယ့် နေရာတွေအပြင် စားနပ်ရိက္ခာတွေကိုပါ ကြိုတင်ပြင်ဆင်ထားဖို့ ဥတာပရာဒေ့ရှ် ပြည်နယ် ဝန်ကြီးချုပ် ယိုဂီအာဒီယာနာက တာဝန်ရှိသူတွေကို ညွှန်ကြားထားပါတယ်။ ဒါ့အပြင် ခွင့်ပြုချက်မရှိဘဲ ဘယ်သူ့ကိုမျှ ပြည်နယ်အတွင်း ဝင်ခွင့်မပေးဖို့ကိုလည်း မှာကြားထားပါတယ်။

 

ဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်မားလာမှာကို စိုးရိမ်

 

အခုလို အိန္ဒိယရွှေ့ပြောင်းလုပ်သားတွေကို နေရပ်ပြန်ဖို့ ခွင့်ပြုလိုက်တာကြောင့် ပြည်နယ်တွေမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေ မြင့်တက်လာမှာကို စိုးရိမ်ရတယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။ ဘာလို့လဲဆိုရင် အိန္ဒိယနိုင်ငံရဲ့ ဗိုင်းရပ်စ်ကူးစက်မှု မြင့်မားတဲ့ဒေသတွေမှာ ရွှေ့ပြောင်း လုပ်သားတွေ အများဆုံးနေထိုင်ကြတဲ့နေရာတွေ ပါဝင်နေလို့ဖြစ်ပါတယ်။ ရောဂါပိုးမတွေ့ရှိတဲ့ ပြည်နယ်တွေ၊ ကျေးရွာတွေကို ပြန်လာကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေဟာလည်း ဗိုင်းရပ်စ်ပိုး သယ်ဆောင်လာသူတွေ ဖြစ်လာနိုင်ဖွယ်ရှိတယ်လို့လည်း ကမ္ဘာ့ဘဏ်က ထောက်ပြပြောဆိုခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ လူဦးရေသိပ်သည်းတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဒီလိုနေရာမျိုးမှာ ဗိုင်းရပ်စ် ကာကွယ်တားဆီးရေး လုပ်ငန်းစဉ်တွေ လုပ်ဆောင်ရတာ အလွန်ခက်ခဲတဲ့ စိန်ခေါ်မှုတွေ ရှိနိုင်ပါတယ်။

 

လက်ရှိအချိန်အထိ အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၅၀၄၃ ဦးရှိပြီး သေဆုံးသူ ၁၁၅၄ ဦး ရှိပါတယ်။ ရောဂါကူးစက်ခံရသူတွေထဲက ၉၀၆၈ ဦးမှာ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပါပြီ။ ဒါပေမယ့် အာဏာပိုင်တွေကတော့ ဗိုင်းရပ်စ်ကူးစက်မှု ကာကွယ်တားဆီးရေး လုပ်ငန်းတွေကို လစ်ဟာမှုမရှိဘဲ စနစ်တကျ ကိုင်တွယ်လုပ်ဆောင်နေတာကို တွေ့မြင် ရပါတယ်။

 

အပြုံးပန်းတွေ ဖူးပွင့်ဝေဆာ

 

အိန္ဒိယအစိုးရက ရွှေ့ပြောင်းလုပ်သားတွေကို နေရပ်ပြန်ဖို့ ခွင့်ပြုလိုက်တော့ နေရပ်ပြန်ဖို့ တာစူနေကြတဲ့ ရွှေ့ ပြောင်းလုပ်သားတွေဟာ အတိုင်းမသိ ဝမ်းသာနေကြ တာကို တွေ့မြင်ရပါတယ်။

 

“ကျွန်တော်တို့တွေ နေရပ်ပြန်ဖို့ အထူးမီးရထားကြီး စီစဉ်ပေးတဲ့အတွက် အစိုးရကို အလွန်ပဲ ကျေးဇူးတင်ပါတယ်။ အခုအိမ်ပြန်ဖို့ မီးရထားပေါ်မှာ ရောက်ရှိလို့နေပါပြီ”  လို့ အသက် ၂၄ နှစ်အရွယ်ရှိတဲ့ ရွှေ့ပြောင်းလုပ်သား ဒီလစ်ရာဒေ့ဗ်က ဆိုပါတယ်။

 

ဒီလစ်ရာဒေ့ဗ်ဟာ ဂျာခန်ပြည်နယ် ဒါတွန်ဂန် ခရိုင်မှာရှိတဲ့ ချန်ဒိုကျေးရွာမှဖြစ်ပြီး ပြီးခဲ့တဲ့ဒီဇင်ဘာလက ဆောက်လုပ်ရေးလုပ်ငန်းမှာ အလုပ်လုပ်ဖို့ ဟေဒီရာဘတ် ပြည်နယ်ကို လာရောက်ခဲ့တဲ့ ရွှေ့ပြောင်းလုပ်သား တစ်ဦးဖြစ်ပါတယ်။

 

“မီးရထားပေါ်မတက်မီ ကျွန်တော်တို့တွေကို ရောဂါ ရှိ၊ မရှိ စစ်ဆေးပေးပါတယ်။ အစားအစာတွေကိုလည်း မျှဝေပေးတယ်။ ဒီလိုအစစအရာရာ အဆင်ပြေချောမွေ့မှု ရှိအောင် ကူညီပေးတဲ့ တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါ တယ်” လို့ အသက် ၂၇ နှစ်အရွယ် ရွှေ့ပြောင်းလုပ်သား ဆန်တိုကူမာဆင်းက ဆိုပါတယ်။

 

အခုလိုကပ်ရောဂါဆိုးကြီး ကမ္ဘာပေါ်ကို ကျရောက် နေတဲ့အချိန်မှာ မိဝေးဖဝေးနဲ့ အဝေးတစ်နေရာမှာ  နေရတာထက် ကိုယ့်မိသားစုအနီးမှာပဲ နေထိုင်ရတာ ပိုမိုလုံခြုံတယ်လို့ ခံစားရပါတယ်။ ဒီလိုအချိန်မှာ နေရပ်ကိုခွဲခွာပြီး အဝေးတစ်နေရာကို အလုပ်သွားလုပ်ကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ ကိုယ်တိုင်ရောဂါ ကူးစက်ခံရမှာကို ကာကွယ်ရ၊ အဝေးမှာရှိတဲ့ မိသားစုဝင်တွေ ရောဂါကူးစက်ခံရမှာကို ပူပန်ရနဲ့ စိုးရိမ်သောက ဗျာပါဒတွေ များလွန်းလှပါတယ်။ အခုဆိုရင် အိန္ဒိယ အစိုးရက ရွှေ့ပြောင်းလုပ်သားတွေရဲ့ တောင်းဆိုချက်တွေကိုငဲ့ကွက်ပြီး နေရပ်ပြန်ခွင့်ပြုလိုက်တော့ ရွှေ့ပြောင်း လုပ်သားတွေအနေနဲ့ ဘယ်လောက်တောင် ဝမ်းသာပီတိ ဖြစ်ကြမလဲဆိုတာ မှန်းဆကြည့်လို့တောင်ရနိုင်မယ် မထင်ပါဘူး။ ဒါကြောင့် ရင်ထဲမှာ အတိုင်းမသိ ပျော်ရွှင်နေကြတဲ့ အိန္ဒိယရွှေ့ ပြောင်းလုပ်သားတွေရဲ့ ပျော်ရွှင် ကြည်နူးမှုတွေကို ထပ်တူခံစားရင်း ရေးသားလိုက်ပါတယ်။

 

ကိုးကား-ဘီဘီစီ