တာချီလိတ်၊ ၁၇ ဒီဇင်ဘာ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိနေထိုင် အလုပ်လုပ်ကိုင်လျက်ရှိသော ထိုင်းနိုင်ငံသား အမျိုးသား ခြောက်ဦး၊ အမျိုးသမီး ခုနှစ်ဦးနှင့် ကလေး နှစ်ဦး စုစုပေါင်း ၁၅ ဦးတို့ကို မြန်မာနိုင်ငံမှ တာဝန်ရှိသူများက ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းက မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)မှတစ်ဆင့် လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
လွဲပြောင်းပို့ဆောင်ခြင်းမပြုမီ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကိုယ်အပူချိန်တိုင်းတာခြင်းများ ပြုလုပ်ခဲ့ပြီး လွှဲပြောင်းပို့ဆောင်ပေးခဲ့သည်။ အဆိုပါ ထိုင်းနိုင်ငံသားများသည် ကိုဗစ်-19 ရောဂါ မဖြစ်ပွားခင်အချိန်၌ တာချီလိတ်မြို့သို့ လာရောက်နေထိုင် အလုပ်လုပ်ကိုင်ကြသူများဖြစ်ပြီး ကိုဗစ်-19 စတင်ဖြစ်ပွားချိန်မှစ၍ စက်ရုံ အလုပ်ရုံများ ပိတ်မှုကြောင့် အလုပ်အကိုင်ရှားပါးလာသည့်အတွက် မိခင်ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာကြခြင်း ဖြစ်သည်။
နေရပ်ပြန်လိုသည့် ထိုင်းနိုင်ငံသား ၁၅ ဦးကို တာချီလိတ်မြို့ လဝက ဌာနခွဲ(၆)မှ လက်ထောက်ညွန်ကြားရေးမှူး ဦးမောင်မောင်မြင့်နှင့် တာဝန်ရှိသူများက ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး ထိုင်းနိုင်ငံမှ ရွေ့လျား ကိုဗစ်-19 ရောဂါ စစ်ဆေးရေးစက်ဖြင့် စနစ်တကျစစ်ဆေးပြီး တံတား(၂)တာဝန်ခံ ရဲအရာရှိ Pathpon Onnoul၊ လဝကအရာရှိ Songsok Pakiang နှင့် ကျန်းမာရေးဌာနမှ ဦးစီးအရာရှိ Priawpurin Manopeaw ဦးစီးအဖွဲ့တို့က ပြန်လည်လက်ခံခဲ့ကြကြောင်း သိရသည်။
ယာဆေး(ပြန်/ဆက်)


