မိုးမြင့်

ြန်မာနိုင်ငံရဲ့အနောက်ခြမ်းမှာ မြန်မာတိုင်းရင်းသားတွေနဲ့ လုံခြုံရေးအဖွဲ့အစည်းတွေကို အနှောင့်အယှက်ပြုတိုက်ခိုက်နေတဲ့ ARSA (အာဆာ)လို့ ခေါ်တဲ့ Arakan Rohingya Salvation Army အမည်ခံ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းက ဒုက္ခသည်စခန်းတစ်ခုအတွင်းမှာ အာဆာအဖွဲ့ရဲ့ (၆) နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားတစ်ခုကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၉ ရက်က ကျင်းပသွားတယ်လို့ သိလိုက်ရတဲ့အခါ.... 
အာဆာရဲ့ Happy day ဆိုတာ ဘယ်လိုရည်ရွယ်ချက်လဲ

တွေးမိတာတစ်ခုက အခုလိုဆောင်ရွက်ချက်ကြောင့် ဘင်္ဂါလီတွေအနေနဲ့ မြန်မာနိုင်ငံအတွင်း နေရပ်ပြန်ဖို့ နှောင့်နှေးသွားနိုင်တယ်ဆိုတဲ့ အချက်ပါပဲ။ တစ်နည်းအားဖြင့် အာဆာအကြမ်းဖက် ( AA လည်းပါဝင်)တို့ရဲ့ ဟန့်တားနှောင့်ယှက်မှုတွေကြောင့် ဘင်္ဂလားနယ်ထဲက ဘင်္ဂါလီတွေအနေနဲ့ နေရပ်ပြန်ဖို့ အခက်အခဲဖြစ်သွားနိုင်တယ်ဆိုတဲ့ အချက်ကို သတိပြုမိဖို့ပါ။ 

မြန်မာနိုင်ငံဘက်ကတော့ ပြန်လည်လက်ခံရေး အစီအစဉ်တွေကို စနစ်တကျ စီမံဆောင်ရွက်ထားပါတယ်။ အာဆာအဖွဲ့နဲ့ အာဆာထောက်ခံသူတွေဟာ “Happy Day” လို့အမည်ပေးထားတဲ့ ဒီအထိမ်းအမှတ်ကို လူမှုကွန်ရက်စာမျက်နှာတွေမှာ အင်္ဂလိပ်လိုရေးသားဝါဒဖြန့်ပြီး ဓာတ်ပုံဗီဒီယိုတွေနဲ့ ထင်ထင်ရှားရှားဖော်ပြခဲ့ကြတယ်။ လှုပ်ရှားသူတွေဟာ တီရှပ်တွေဝတ်ဆင်ပြီး ဆိုင်းဘုတ်တွေ ကိုင်ဆောင်၊ စာတန်းတွေ ချိတ်ဆွဲခဲ့ကြတယ်။ “October 9 is what day? Happy day, Happy day” လို့ဆိုပြီး အော်ဟစ်ခဲ့ကြတယ်။ သူတို့ကိုယ် သူတို့ ဘင်္ဂါလီတွေကို ကယ်တင်မယ့်သူတွေအဖြစ် သတ်မှတ်ပြီး မြန်မာနိုင်ငံအစိုးရကိုတော့ အာဏာရှင်လို့ သမုတ်ခဲ့ကြတယ်။ ဒီနေ့ဒီရက်ကို ဘင်္ဂါလီတွေကို ဖိနှိပ်မှုတွေမှ လွတ်မြောက်စေတဲ့နေ့၊ ဘင်္ဂါလီဆိုတဲ့ အသိုက်အဝန်းကို ကူညီမှုပေးတဲ့ အမှတ်တရနေ့အဖြစ် ပုံဖော်လိုကြတယ်ဆိုတာ သိသာတဲ့အချက်ဖြစ်ပါတယ်။ 

ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ရေး အစီအစဉ် ထိခိုက်နိုင် 

အာဆာအဖွဲ့ရဲ့ ရည်ရွယ်ချက်ကဘာလဲ၊ ဘာကို ဦးတည်ပါသလဲ။ သိရသလောက်တော့ ဘင်္ဂလားဒေ့ရှ် ကော့စ်ဘဇားဒေသတစ်ဝိုက်က ဒုက္ခသည်စခန်းတွေမှာ သူတို့အာဆာအဖွဲ့ရဲ့ တည်ရှိမှုကို ကိုယ်ထင်ရှား ဘွားခနဲပြလိုက်ခြင်းအားဖြင့် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံအစိုးရတွေကို ပွင့်ပွင့်လင်းလင်း စိန်ခေါ်လိုက်ခြင်းပဲလို့ ယူဆနိုင်စရာ ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်ရဲတွေရဲ့ ချက်ချင်းလက်ငင်း တုံ့ပြန်ချက်အရတော့ အမှတ် (၁၀) အူခီးယားဘာ လူခါလီဒုက္ခသည်စခန်းက ဒုက္ခသည်အမည်ခံ ဘင်္ဂါလီနှစ်ဦးကို ဖမ်းဆီးထားတယ်ဆိုတဲ့ ပြယုဂ်ပါပဲ။ 

အခြားသူတွေကိုလည်း လိုက်လံရှာဖွေဖမ်းဆီးနေကြတယ် ဆိုလေတော့ အခုလိုအထိမ်းအမှတ် တစ်ခုပြုလုပ်ခြင်းဟာ ဘင်္ဂါလီတွေကို နေရပ်ပြန်ပို့ရေး အစီအစဉ်ကို တိုက်ရိုက်ထိခိုက်နိုင်တယ်ဆိုတဲ့ အချက်ကို ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့လည်း တစ်စိတ်တစ်ပိုင်း ယုံကြည်ထားတယ်ဆိုတာ ဖြစ်နိုင်လောက်ပါတယ်။ 

ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲမှာ အခြေစိုက်တဲ့ အာဆာ အကြမ်းဖက် 

ဖေ့စ်ဘွတ်မှာဖော်ပြထားတဲ့ ပို့စ်တစ်ခုအရဆို အာဆာလက်နက်ကိုင်အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အာတူလာအဘူဂျန်နျူနီကိုယ်တိုင် အောက်တိုဘာ ၉ ရက်ကို အရေးပါတဲ့နေ့ တစ်နေ့အဖြစ် ဖော်ပြထားတာကို တွေ့ရပါတယ်။ တစ်ဆက်တည်း အာတူလာအကြောင်းနဲ့ အာဆာအကြောင်း အကျဉ်းမျှဖော်ပြရရင် ပါကစ္စတန်ရဲ့ အစ္စလာမ္မစ် အစွန်းရောက်တွေပေါများရာ ကရာချိမှာ သူ့ကိုမွေးဖွားခဲ့ပြီး ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမှာ ကြီးပြင်းပြီး ပညာသင်ကြားခဲ့တဲ့ ဘင်္ဂါလီလူမျိုး တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ သူက အာဆာအဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်နေပြီး အခြားသော အစ္စလာမ္မစ် အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ အထောက်အပံ့ရဖို့လည်း ကြိုးစားခဲ့ပါသေးတယ်။ 
၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်က စတင်ဖွဲ့စည်းခဲ့တာမို့ ဒီနေ့ဒီအချိန်မှာ အာဆာအဖွဲ့ (၆) နှစ်ပြည့်အဖြစ် ကြွေးကြော်ကာ အာရကန် ရိုဟင်ဂျာကယ်တင်ရေးအမည်နဲ့ ယနေ့တိုင်လှုပ်ရှားနေတဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အစည်း တစ်ခုဖြစ်နေခြင်းပါပဲ။ 

အစောပိုင်းကာလတွေမှာ လျှို့ဝှက်ပြီး အစည်းအဝေးကျင်းပ၊ လျှို့ဝှက်လှုပ်ရှားရတဲ့ အဖွဲ့တစ်ခုဖြစ်ခဲ့ပေမယ့် အခုအခါမှာတော့ ကော့စ်ဘဇားမှာ ပေါ်ပေါ်ထင်ထင်တည်ရှိလာတဲ့ အချက်ဟာ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့တော့ မျက်နှာပူစရာ ဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ အာဆာအဖွဲ့ဟာ သူတို့နိုင်ငံပိုင်နက်ထဲမှာ မရှိကြောင်း ဘင်္ဂလားဒေ့ရှ်ဘက်က ယခင်အဆက်ဆက် ငြင်းပယ်ခဲ့တဲ့အတွက်ကြောင့်ပါပဲ။ အခုအတိုင်းဆို လက်ရှိဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ အာဆာလှုပ်ရှားသူ ထောက်ခံသူတွေကို အရေးယူရမယ့် အခြေအနေမှာရှိနေပါတယ်။ 

နေရပ်ပြန်လိုသူတွေ မပြန်နိုင်ဖို့ ဟန့်တားပိတ်ဆို့ နေတဲ့အာဆာ 

အာဆာလှုပ်ရှားသူတွေဟာ ဒုက္ခသည်စခန်းက ဘင်္ဂါလီဒုက္ခသည်တွေနဲ့လည်း ချိတ်ဆက်ထားပြီး ဒုက္ခသည်တွေကိုစည်းရုံးပြီး လူသစ်တွေစုဆောင်း ထားကြတယ်လို့ သိရပါတယ်။ ဒါပေမယ့် နေရပ်ပြန် လိုတဲ့ဘင်္ဂါလီတွေအနေနဲ့တော့ အာဆာအဖွဲ့ကို မထောက်ခံကြတာများပါတယ်။ အဲဒီလိုမထောက်ခံ သူတွေကိုတော့ အာဆာအဖွဲ့တွေက ဖိနှိပ်ညှဉ်းပန်း သတ်ဖြတ်တာတွေရှိတယ်လို့ ဆိုကြပါတယ်။ 

၂၀၂၁ ခုနှစ် စက်တင်ဘာလကဆိုရင် ဘင်္ဂါလီတွေ မိမိနေရပ်ပြန်ရေး နိုင်ငံတကာက သိရှိပြီး လူသိထင်ရှားဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့တဲ့ ဘင်္ဂါလီ ခေါင်းဆောင်တစ်ဦးနဲ့ အချို့ဒုက္ခသည်တွေဟာ အာဆာအဖွဲ့ရဲ့ ပစ်မှတ်ထားလုပ်ကြံသတ်ဖြတ်ခံ ရတဲ့အထိ ဖြစ်ခဲ့ဖူးပါတယ်။ သတင်းတွေအရဆို အာဆာအကြမ်းဖက်အဖွဲ့ဝင်တွေဟာ မြန်မာပိုင်နက် ထဲဝင်ပြီး အကြမ်းဖက်အလုပ်တွေလုပ်၊ တပ်ဖွဲ့ဝင်တွေကို ချောင်းမြောင်းပစ်ခတ်၊ နယ်စပ်ခြံစည်းရိုးတွေကို ချိုးဖဲ့ဖျက်ဆီး၊ မူးယစ်ဆေးဝါးရောင်းချတာတွေ လုပ်လေ့ရှိကြလို့ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့တွေနဲ့ မကြာခဏတိုက်ပွဲဖြစ်တာတွေ၊ အဖမ်းခံရ တာတွေရှိပါတယ်။

အဖမ်းခံရသူတချို့ရဲ့ ထွက်ဆိုချက်အရဆိုရင် သူတို့ဟာ အာဆာက စည်းရုံးလို့ အာဆာအဖွဲ့ဝင် ဖြစ်ခဲ့ရပြီး အကြမ်းဖက်သင်တန်းတွေ တက်ရကြောင်း၊ မြန်မာနိုင်ငံထဲပြန်မဝင်ဖို့နဲ့ ပြန်ဝင်ရင် ပစ်သတ်ခံရမယ်လို့ ခြိမ်းခြောက်ခံရပြီး မြန်မာနိုင်ငံထဲ ပြန်မဝင်ရဲကြောင်း၊ နှစ်နိုင်ငံပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွေကို တိတိကျကျမသိရှိရတဲ့အပြင် ဒုက္ခသည်တွေပြန်မယ့်အရေးလည်း ဘာမှမသိရှိရကြောင်း၊ အကြမ်းဖက်သင်တန်းတွေအတွက် လိုအပ်တဲ့ရိက္ခာပစ္စည်းတွေကို ဆော်ဒီအာရေဗျ၊ မလေးရှား၊ ထိုင်းတို့မှ လူမှုရေးအဖွဲ့အစည်းတွေက ထောက်ပံ့ပေးကြောင်း၊ ဒုက္ခသည်ဘင်္ဂါလီအမျိုးသမီး တွေကိုလည်း စော်ကားမော်ကားပြုလုပ်ကြကြောင်း စသည်ဖြင့် အဖမ်းခံရသူတွေ ပြန်ပြောပြတဲ့ အာဆာရဲ့ မကောင်းသတင်းများစွာကို သိရှိကြရပါတယ်။ 

၂၀၁၆၊ ၂၀၁၇ အာဆာအဖွဲ့ရဲ့ အကြမ်းဖက် တိုက်ခိုက်ခဲ့မှုမျာ
း 
အာဆာအဖွဲ့ဟာ အင်မတန်ကောက်ကျစ်တဲ့ အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်အဖွဲ့ တစ်ခုပါပဲ။ အကြမ်းဖက်အဖွဲ့တစ်ခုအဖြစ် ၂၀၁၇ ခုနှစ် ဩဂုတ် လကတည်းက သတ်မှတ်ခံထားရပြီးဖြစ်ပါတယ်။ အဲဒီအချိန်၊ အဲဒီကာလမှာ အာဆာအဖွဲ့ဟာ မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေရှိ ရဲကင်းစခန်း ၃၀ နဲ့ တပ်မတော်ဌာနချုပ်စခန်း တစ်ခုကို အင်အားအလုံးအရင်းနဲ့ တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်တဲ့အတွက် ရဲတပ်ဖွဲ့ဝင်၊ တပ်မတော်သားနဲ့ လဝကအရာရှိတွေ သေဆုံးခဲ့ကြရပါတယ်။ 

၎င်းအကြမ်းဖက်ဖြစ်စဉ်မှာ အာဆာအဖွဲ့ဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို သတ်ဖြတ်ခဲ့ကြတဲ့အပြင် ဒေသခံဟိန္ဒူဘာသာဝင်တွေကိုလည်း အကြောင်းမဲ့ သတ်ဖြတ်ခဲ့ကြတဲ့အတွက် အသတ်ခံရသူ အမျိုးသား အမျိုးသမီး၊ ကလေးသူငယ်ပေါင်း ၁၀၀ ခန့်အထိရှိခဲ့ပါတယ်။ မြေကျင်းတွေမှာ မြှုပ်နှံထားတဲ့ အလောင်းတွေ တူးဖော်ရရှိခဲ့တဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။ ပါဝင်တိုက်ခိုက်ခဲ့တဲ့ အာဆာအဖွဲ့တွေဟာ အရပ်ဝတ် အဝတ်အစားပဲ ဝတ်ဆင်ပြီး လက်နက်မရှိတဲ့ရွာသားတွေကို ကြိုတင်စည်းရုံး၊ ရွာသားတွေနဲ့ရောနှောပြီးမှ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပါတယ်။ 
၂၀၁၆ ခုနှစ် အောက်တိုဘာလကလည်း အာဆာအဖွဲ့ဟာ မောင်တောမြို့နယ် အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ် (ကျီးကန်းပြင်)နဲ့ ငါးခူရ နယ်မြေရဲစခန်း၊ ရသေ့တောင် ကိုးတန်ကောက် ရဲစခန်းတွေကို အကြမ်းဖက်ဝင်ရောက် တိုက်ခဲ့ပါသေးတယ်။ ရဲတပ်ဖွဲ့ဝင်တွေ ကျဆုံးပြီး မြိုတိုင်းရင်းသားတွေ သတ်ဖြတ်ခံခဲ့ကြရပါတယ်။ 
ပျောက်ဆုံးတိုင်းရင်းသားတွေ ရှိခဲ့ပါတယ်။ 

နောက်ပိုင်းမှာလည်း မြန်မာပိုင်နက်ထဲ မကြာခဏကျူးကျော်ဝင်ရောက်ပြီး မြန်မာ တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲတွေဖြစ်လေ့ရှိပါတယ်။ အခုနှစ် နိုဝင်ဘာလမှာတင် တစ်ကြိမ်ဖြစ်ခဲ့ပါ သေးတယ်။ မိမိပိုင်နက်ထဲ ပြောင်ပြောင်တင်းတင်း ကျူးကျော်ဝင်ရောက်တိုက်ခိုက်သလို ခိုးကြောင် ခိုးဝှက်လည်း ခိုးဝင်ကြတဲ့အတွက် မကြာခဏ ဖမ်းဆီးရမိတာတွေ ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်က ဘင်္ဂါလီတွေဟာ မြန်မာနိုင်ငံထဲကို အများအပြား မကြာခဏခိုးဝင်နေကြတဲ့အချက်ကို ကြည့်ရင် မြန်မာနိုင်ငံဟာ ဘင်္ဂါလီတွေကို ဖိနှိပ်နေတယ်၊ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေး စံချိန်မမီလို့ နေချင်စရာမကောင်းဘူး၊ မလုံခြုံဘူး၊ နိုင်ငံသားဖြစ်ခွင့်လည်း ရနိုင်မှာမဟုတ်ဘူးဆိုတဲ့ အာဆာတို့ရဲ့ ဘင်္ဂါလီတွေ မြန်မာနိုင်ငံထဲပြန်မသွားနိုင်အောင် စည်းရုံးလှုံ့ဆော်မှုတွေနဲ့ စွပ်စွဲချက်တွေဟာ လက်တွေ့ဖြစ်ပျက်နေတဲ့ ခိုးဝင်အခြေအနေတွေနဲ့ ဆန့်ကျင်ဘက်တွေဖြစ်နေတာ မြင်တွေ့ ရပါလိမ့်မယ်။ အာဆာရဲ့ စည်းရုံးခြိမ်းခြောက်မှုအောက်က ဘင်္ဂါလီတွေ တကယ်က အာဆာအကြမ်းဖက်အဖွဲ့ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောနယ်ကို တိုက်ခိုက်သိမ်းပိုက်ပြီး ဘင်္ဂါလီပြည်နယ် တည်ထောင်ဖို့ အိပ်မက်မက်နေတာပါ။ ဒါကြောင့် လည်း ဘင်္ဂါလီတွေအနေနဲ့ နိုင်ငံသားဖြစ်ခွင့်မရရင် မြန်မာနိုင်ငံထဲပြန်မသွားဖို့ အာဆာရဲ့စည်းရုံး သိမ်းသွင်းတာ၊ ဒုက္ခသည်ခေါင်းဆောင်တွေကို ပြန်လည်လွှဲပြောင်းရေးအစီအစဉ်တွေမှာ မပါဝင်ကြဖို့ ခြိမ်းခြောက်တာတွေကို ခံနေရတာဖြစ်ပါတယ်။ 
ပြန်လည်ဝင်ရောက်လာမယ့်သူတွေ အရေး၊ တစ်ဖက်နိုင်ငံက ဒုက္ခသည်တွေကို နေရပ်ပြန်လည် လက်ခံရေး မြန်မာနိုင်ငံအစိုးရရဲ့ ဆောင်ရွက်ချက် တွေဟာ ဘယ်လိုခြေလှမ်း လှမ်းနေလှမ်းနေ အချို့ ဘင်္ဂါလီခေါင်းဆောင်တွေကိုယ်တိုင် မယုံကြည်၊ လက်မခံနိုင်ဖြစ်နေကြတာကိုလည်း သတိပြုမိပါ တယ်။ အမှန်တော့ ဒီလိုခေါင်းဆောင်တွေရဲ့ အနေအထားကိုလေ့လာရင် သူတို့ဟာ အာဆာ ကြိုးဆွဲတာခံနေရပြီး အာဆာစည်းရုံးမှုအောက် ရောက်နေသူတွေပဲဖြစ်နေတယ်ဆိုတာ တွေ့ရပါတယ်။ အာဆာအဖွဲ့ဟာ တရားမဝင်မူးယစ်ဆေးဝါး အဖွဲ့တွေနဲ့လည်း ချိတ်ဆက်မှုရှိနေတဲ့အတွက် ဘင်္ဂါလီဒုက္ခသည်တွေရဲ့ဘဝဟာ မလုံခြုံ ကြောက်ရွံ့နေကြရပါတယ်။ 

ARSA နဲ့ AA ပူးပေါင်းမိနေသလား 

အာဆာ (ARSA) အကြမ်းဖက်အဖွဲ့ ရခိုင်ပြည်နယ်ထဲ ကျူးကျော်နေတဲ့အရေးမှာ အာဆာ အပြင် AA (Arakan Army) အာရကန်အာမီအဖွဲ့ တစ်ခုဟာလည်း မပါမဖြစ်ပါ။ အခုနှစ် စက်တင်ဘာ ၁၆/၁၇ ရက်တွေမှာ ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲ ကျည်တွေကျရောက်ပေါက်ကွဲတဲ့ ဖြစ်စဉ်တစ်ခုမှာ ဆိုရင် AA နဲ့ ARSA အဖွဲ့တို့ ပူးပေါင်းပစ်ခတ်လိုက်တဲ့အတွက် ဖြစ်ရခြင်းဖြစ်တယ်ဆိုတဲ့အချက်ကို မြန်မာဘက်က ပြန်လည်ရှင်းလင်းပြောဆိုခဲ့ရပါတယ်။ 

AA အဖွဲ့အနေနဲ့ စစ်ရေး၊ စီးပွားရေးအကျိုး အမြတ်ရှိမယ်ဆိုရင် သူ့လူမျိုး၊ သူ့နယ်မြေကိုပင် တိုင်းတစ်ပါးသားတို့လက် ဝကွက်အပ်မယ့် သဘောပါပဲ။ AA လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေကတော့ သူတို့ AA နဲ့ အာဆာအဖွဲ့ကြားမှာ ဘယ်လို ဆက်ဆံမှုမျိုးမှမရှိဘူးလို့ ပြောတာပါပဲ။ ဒါပေမယ့် ၂၀၂၀ ပြည့်နှစ်ဆန်းပိုင်းမှာကတည်းက မြန်မာ့ တပ်မတော်ကို တိုက်ခိုက်ဖို့ AA နဲ့ အာဆာအကြား ဗျူဟာမြောက်နားလည်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ထောက်လှမ်းရေး အချို့သတင်းတွေအပြင် AA ခေါင်းဆောင်က ရိုဟင်ဂျာတွေရဲ့လူ့အခွင့်အရေးနဲ့ နိုင်ငံသားဖြစ်ခွင့်ကို အသိ အမှတ်ပြုပါတယ်လို့ ဆိုထားနေလေတော့ ထိုအချက်ကို မီးမောင်းထိုးပြနေတာက ရခိုင် အမည်တပ်ထားတဲ့ AA နဲ့ အာဆာတို့အကြား တိုက်ပွဲတွေ လုံးဝဖြစ်ပွားခဲ့မှုမရှိခြင်းဘဲ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံဘက်က လုပ်ဆောင်ချက်နဲ့ အခြား တစ်ဖက်ရဲ့အနေအထား 

မြန်မာနိုင်ငံအနေနဲ့တော့ နှစ်နိုင်ငံသဘောတူ ညီချက်နဲ့အညီ မိမိနိုင်ငံမှာ နေထိုင်ခဲ့ကြောင်း အထောက်အထားတွေကို စိစစ်ပြီး ပြန်လည်လက်ခံ ရေးစခန်းနှစ်ခုနဲ့ ကြားစခန်းတစ်ခုမှာ ပြန်လည် လက်ခံသွားမှာဖြစ်သလို ကုန်းလမ်းကပဲလာလာ၊ ရေလမ်းကပဲလာလာ ပြန်လည်ဝင်ရောက်လာသူတွေကို ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ရပ်နဲ့အတူ ကြိုဆိုလက်ခံဖို့ စီစဉ်ထားရှိပြီးလည်း ဖြစ်ပါတယ်။ 

ယခင် ၂၀၁၈ ခုနှစ် နိုဝင်ဘာလနဲ့ ၂၀၁၉ ခုနှစ် ဩဂုတ်လတွေကတည်းက စိစစ်ပြီးသားနေရပ် စွန့်ခွာသူတွေကို မိမိဘက်က ပြန်လည်လက်ခံဖို့ စီစဉ်ထားပြီးဖြစ်ပေမယ့်လည်း ဘင်္ဂလားဒေ့ရှ်ဘက်က အကြောင်းလည်းမပြန်၊ ပြန်လည်မစေလွှတ်နိုင်ခဲ့လို့သာ အခုအချိန်အထိ ကြန့်ကြာနေရ ခြင်းဖြစ်ပါတယ်။ ယင်းကာလကတည်းက အထ မမြောက်ခဲ့တဲ့ အခြေအနေအရပ်ရပ်အားလုံးကို ပြန်ပြောင်းအမှတ်ရကြစေလိုပါတယ်။ 

တကယ်တမ်းက ဒုက္ခသည်တွေ ပြန်လည်လက်ခံမယ့်အရေးဟာ တစ်ဖက်နိုင်ငံက ပြန်ပို့နိုင် မယ့်အခြေအနေပေါ်မှာသာ မူတည်ပါတယ်။ သူတို့ဘက်က ပြန်ပို့မယ့် ဒုက္ခသည်စာရင်းဇယားတောင် ဒီဘက်ကို ပေးနိုင်တဲ့အခြေအနေမှာ မရှိသေးပါဘူး။ မြန်မာဘက်ကတော့ ယခင်နှစ် ဒီဇင်ဘာလလောက်ကတည်းကစပြီး နှစ်ဖက် သဘောတူစာချုပ်နဲ့အညီ ပြန်လည်လက်ခံနိုင်ဖို့ ပြည်ထောင်စုအဆင့်ဝန်ကြီးတွေ နေရပ်ပြန်သူတွေကို လက်ခံမယ့်စခန်းတွေကို သွားရောက်ကြည့်ရှု စစ်ဆေးခြင်းဖြင့် စတင်လှုပ်ရှားနေခဲ့ပြီးလည်းဖြစ်ပါတယ်။ 

တစ်ဖက်နိုင်ငံက ပြန်လာလိုသူတွေကို လက်ခံဖို့ မိမိဘက်က အဆင်သင့်ဖြစ်နေသလို ၁၉၈၂ နိုင်ငံသားဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ရှိသူ အားလုံး နိုင်ငံသားဖြစ်ခွင့်ပေးဖို့လည်း လုပ်ဆောင်ချက်တွေ ရှိပြီးဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံအနေနဲ့က ပြန်လည်ပို့ဆောင်သင့်သူတွေကို ပြန်ပို့ရမယ့်အစား OIC ရဲ့အင်အားကိုယူပြီး ကမ္ဘာပတ်၊ UNနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပေါင်းပြီး မြန်မာနိုင်ငံအပေါ် စီးပွားရေး၊ နိုင်ငံရေး ဖိအားအမျိုးမျိုးပေးဖို့သာ ကြိုးစားနေတဲ့အချက်က သူတို့ရဲ့ဘင်္ဂါလီတွေ အရေး သူတို့ကိုယ်တိုင် လျစ်လျူရှုစိတ်မဝင်စားခြင်းပဲလို့ ယူဆမိပါတယ်။ 
ဒီလိုယူဆလာခဲ့ရင်လည်း ငြင်းဆန်ဖို့ အင်အားရှိ ကြမှာမဟုတ်ပါဘူး။ ကမ္ဘာ့နိုင်ငံအဖွဲ့အစည်းတွေ အနေနဲ့လည်း ပြဿနာကို မျှတစွာနဲ့ လက်တွေ့ ကျကျချဉ်းကပ်ပြီး ကူညီပံ့ပိုးပေးဖို့ လိုအပ်မှာ ဖြစ်သလို တစ်ဖက်သတ်ဖိအားပေးအပြစ်တင်၊ အရေးယူပိတ်ဆို့ စွပ်စွဲစီရင်မယ်ဆိုတာချည်း လုပ်နေရုံနဲ့တော့ ပြဿနာရဲ့အဖြေက ရလာမှာ မဟုတ်ဘူးဆိုတာ သဘောပေါက်ဖို့ လိုအပ်နေပါတယ်။ 

သုံးသပ်ရရင်တော့ တစ်ဖက်နိုင်ငံက ဘင်္ဂါလီတွေ အထောက်အထားနဲ့တကွ နေရပ်ပြန်လာနိုင်ရေး အဟန့်အတားဖြစ်နေရခြင်းရဲ့ တရားခံဟာ ဘယ်သူများပါလဲ။ အချက်အလက်နဲ့တကွ ရှင်းရှင်းလင်းလင်း သိနေရပြီဖြစ်ပါတယ်။ အာဆာအဖွဲ့ဟာ သူတို့ဘင်္ဂါလီအရေးကို ပါးစပ်လေးနဲ့သာ စာနာပြနေတာဖြစ်ပြီး လက်တွေ့မှာတော့ ထိရောက်တဲ့ အကူအညီပေးနိုင်ပုံမရဘဲ သူတို့ရဲ့အဓိကပန်းတိုင်ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အာရကန် ရိုဟင်ဂျာနယ်မြေတစ်ခု တည်ထောင်နိုင်ရေးပဲ ဖြစ်မယ်ဆိုတဲ့အယူအဆဟာ သေချာသထက် သေချာလာနေပါတယ်။ 

အာဆာနဲ့ AA တို့အနေနဲ့ နှစ်ဖက်နယ်ခြားမှာ ဟိုဘက်ဒီဘက် ကူးချည်သန်းချည်နဲ့ အဖျက် လုပ်ရပ်တွေကို တွင်တွင်လုပ်ရင်းနဲ့ပဲ နှစ်နိုင်ငံအကြား အထင်အမြင်လွဲအောင် တမင်ပြုမူနေသလို လည်းဖြစ်နေပါတယ်။ ထိုအချက်တွေကို မြန်မာပြည်သူတွေအနေနဲ့ ရှင်းရှင်းလင်းလင်းသိစေလိုတဲ့ ဆန္ဒအမှန်နဲ့ တင်ပြရခြင်းဖြစ်ပါတယ်။ 

မြန်မာနိုင်ငံအနေနဲ့ကတော့ နေရပ်ပြန်လိုသူတွေရဲ့ ပြန်လာနိုင်မယ့်အခွင့်အရေးကို လျစ်လျူရှု ထားခြင်းမရှိပါဘူး။ မိမိတို့မြန်မာနိုင်ငံဘက်က စနစ်တကျဆောင်ရွက်မှုတွေ၊ အပြုသဘောတုံ့ပြန်မှုတွေနဲ့ သဘောထားအမြင်တွေကို နိုင်ငံတကာအနေနဲ့ လျစ်လျူရှုထားတာကိုသာ ဝမ်းနည်းဖွယ်ရာအဖြစ် မြင်တွေ့နေရပါတယ်။ 

မြန်မာနိုင်ငံအနေနဲ့က ပြဿနာကို တာဝန်ယူမှု တာဝန်ခံမှုအပြည့်နဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းလိုတဲ့ သဘောထားရှိပြီးသားဖြစ်ပါတယ်။ အဓိကအချက်က အာဆာအကြမ်းဖက်တွေက နိုင်ငံရေးကို စစ်ရေးထွက်ပေါက်ဖန်တီးပြီး မိမိနယ်မြေထဲကို နောက်ထပ် ဝင်ရောက်ကျူးကျော် မတိုက်ခိုက်နိုင်ရေးအတွက် လိုအပ်ချက်တွေကို ကြိုတင်စီမံ ဆောင်ရွက်ထားရမယ့်အပြင် သက်ဆိုင်ရာနယ်မြေအတွင်းမှာ ရှိနှင့်ပြီးဖြစ်တဲ့ အခြားအခြားသော လူမျိုးစုတွေ၊ မတူကွဲပြားတဲ့ ဘာသာဝင်တွေနဲ့ မူရင်းတိုင်းရင်းသားတွေရဲ့ ဘဝလုံခြုံရေးနဲ့ ဘေးအန္တရာယ် မကျရောက်စေရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ သာယာဝပြောရေးအတွက်ကို အလေးအနက်ထား ထည့်သွင်းစဉ်းစားဖို့ဆိုတဲ့အချက်တွေကို မေ့လျော့ထားလို့ မရပါကြောင်း ရေးသားတင်ပြ လိုက်ရပါတယ်။     ။