မန္တလေး ၂၄ မေ
တရုတ်ပြည် နယ်စပ်မြို့များသို့ သွားရောက်အလုပ်လုပ်ကိုင်ပြီး နေရပ်အသီးသီးသို့ ပြန်ကြမည့် နေရပ်ပြန်များ စားသောက်ရေး အဆင်ပြေစေရန်အတွက် သီရိမာလာ ဗဟိုကုန်စိမ်းစျေးကြီးမှ စျေးသူစျေးသားများက အလှူငွေများ လှူဒါန်းခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲက နေရပ်ပြန်များ ခေတ္တတည်းခိုနေထိုင်သည့် အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်ရှိ အမှတ်(၁၇) အခြေခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်သည်။
အလှူငွေများ လှူဒါန်းခြင်းကို သီရိမာလာ ဗဟိုကုန်စိမ်းစျေးကြီးမှ စျေးသူစျေးသားများကိုယ်စား စျေးအကျိုးတော်ဆောင် အတွင်းရေးမှူး ဦးသိန်းဝင်းက ငွေကျပ် ၆၀၅၀၀၀ ကျပ်အား လှူဒါန်းရာ အောင်မြေသာစံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ခဲ့သည်။
တရုတ်ပြည် နယ်စပ်မြို့များမှ ပြန်လာကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ နေထိုင်ရာ ဒေသအသီးသီးသို့ ပြန်ကြမည့် နေရပ်ပြန်များအား မေ ၂ ရက်မှ စတင်ပြီး အမှတ်(၁၇) အခြေခံပညာ အထက်တန်းကျောင်းတွင် ခေတ္တတည်းခို နေထိုင်နိုင်ရန် စခန်းဖွင့်လှစ်ထားရှိပြီး နေရပ်ပြန်များ စားသောက်နိုင်ရန်အတွက် နေ့လယ်စာနှင့် ညစာ ထမင်းဘူးများကို အလှူရှင်များ၏ လှူဒါန်းမှုဖြင့်လည်းကောင်း၊ သောက်ရေသန့်များကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့်လည်းကောင်း တာဝန်ရှိသူများက နေ့စဉ်စီစဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)


