ကော့သောင်း ၊ ၁၂ ဒီဇင်ဘာ
နိုင်ငံတကာပင်လယ်ကူး သင်္ဘောများပေါ်မှ သင်္ဘောသားအလွှဲအပြောင်း လုပ်ငန်းများကို ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်အတွင်း ပြုလုပ်လျှက်ရှိရာ M/S Qing Dao Lian Hang Shipping Management ကုမ္ပဏီလီမီတက် တရုတ်နိုင်ငံပိုင် MV- POLYWORLD ပင်လယ်ကူးကုန်တင် သင်္ဘောပေါ်မှ မြန်မာနိုင်ငံသား သင်္ဘောသား (၇)ဦး ယမန်နေ့ညနေပိုင်းက Sign off ထွက်လာရာ ကော့သောင်းမြို့မဆိပ်ကမ်းတံတားမှာ ကျန်းမာရေးဌာနနှင့် တာဝန်ရှိ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက လိုအပ်သည့် စစ်ဆေးမှုများ ကနဦး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ သင်္ဘောပေါ်မှ Sign off ထွက်လာသည့် မြန်မာ သင်္ဘောသား (၇)ဦးသည် ကော့သောင်းမြို့တွင် ကြိုတင် ရောက်ရှိနေကာ သင်္ဘောသား ပေါ်ကို sign on တက်ရောက်မည့် ကပ္ပတိန်ဦးဝေဖြိုးမောင်ပါ သင်္ဘောသား (၆)ဦး နှင့် တာဝန်လွှဲပြောင်းယူခဲ့သူများ ဖြစ်သည်။
ကော့သောင်းမြို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်နိုင်ရေး Sign off ထွက်လာသည့် သင်္ဘောသား (၇)ဦးကို ကော့သောင်းမြို့မှာ Hotel Quarantine (၁၄)ရက်ထားရှိကန့်သတ် စောင့်ကြည့်ကာ နှာခေါင်းအာခေါင်တို့ဖတ်များ နမူနာများကို ကော့သောင်းခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ စနစ်တကျရယူကာ မော်လမြိုင်ကျန်းမာရေး ဓာတ်ခွဲဌာနကို ပို့ဆောင် ဓာတ်ခွဲစစ်ဆေးကာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ဖြစ်ပေါ်မှုမတွေ့ရှိမှသာ ၎င်းတို့နေရပ် အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)


