တာချီလိတ် ဩဂုတ် ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတားအမှတ်(၂)တွင် ထိုင်းနိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ပြစ်ဒဏ်မှ လွတ်မြောက်လာသူ မြန်မာနိုင်ငံသား နေရပ်ပြန် ပြည်သူ ၁၂၂ ဉီးကို ဩဂုတ် ၆ ရက် နံနက်ပိုင်းက တာဝန်ရှိသူများက နွေးထွေးစွာ ကြိုဆိုလက်ခံခဲ့ကြောင်း သိရသည်။

နေရပ်ပြန် မြန်မာနိုင်ငံသား အမျိုးသား ၈၈ ဉီး၊ အမျိုးသမီး ၃၄ ဉီး စုစုပေါင်း ၁၂၂ ဉီးကို ကျိုင်းတုံမြို့ ဝစီပိတ်ဆရာတော်၏ ကူညီစောင့်ရှောက် ဦးဆောင်စီမံမှုဖြင့် ဗိုလ်မှူးကြီးမင်းမင်းထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဦးကျော်နှင့်အဖွဲ့ဝင်များ၊ မြို့ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့ဝင်များက ကိုဗစ် ၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် ကုသရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးပြီး နွေးထွေးစွာလက်ခံကြိုဆိုခဲ့ကြကာ ကိုဗစ် ၁၉ ရောဂါပိုး ရှိ/မရှိ ကျန်းမာရေး စစ်ဆေးမှုများပြုလုပ်ပေးခဲ့ပြီး နေရပ်ပြန် အမျိုးသားတစ်ဦးထံတွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပိုးတွေ့လူနာအမျိုးသားအား ဝမ်လုံး Quarantine Center သို့ ပို့ဆောင်ခဲ့ပြီး ပိုးကင်းစင်သူများကို မြို့ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့က စားသောက်ဖွယ်ရာများ ဝေငှပေးခြင်း၊ တစ်ကိုယ်ရည်သုံးပစ္စည်းများ ထောက်ပံ့ပေးခြင်းနှင့် အားပေးစကားများပြောကြားကာ ၎င်းတို့၏ သက်ဆိုင်ရာဒေသများသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

ယာဆေး(ပြန်/ဆက်)